ဈေးကွက်ခိုင်မာသည့်သနပ်ခါးကို ဒေသအလိုက် သနပ်ခါးစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာ

ဈေးကွက်ခိုင်မာသည့်သနပ်ခါးကို ဒေသအလိုက် သနပ်ခါးစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာ

ပခုက္ကူ၊ စိုက်ပျိုးရေး

ပြည်တွင်း၌ ဈေးကွက်ခိုင်မာသည့် သနပ်ခါးကို ဒေသအလိုက် သနပ်ခါးစိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြောင်း မြန်မာ့သနပ်ခါး   စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုး၏ ပြောဆိုချက်အရ သိရသည်။

သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်ခိုင်မာမှုရှိပြီးဖြစ်ကြောင်း၊ တခြားသီးနှံများဖြစ်သော သရက်၊ လျှော်ဖြူ၊ ဒန့်သလွန်နှင့် ကွမ်းတို့သည် ဈေးကွက်မခိုင် မာသည့်အတွက် ဈေးကွက်ခိုင်မာသော သနပ်ခါးကို တောင်သူများ တိုးချဲ့စိုက်ပျိုး လာခြင်းဖြစ်ကြောင်း သိရသည်။

“တခြားသီးနှံတွေက ဈေးကွက်မခိုင်မာတဲ့အတွက် သနပ်ခါးကို ရွေးချယ်စိုက်ပျိုးလာကြပါတယ်။ အပူပိုင်းဒေသမှာ တောင်သူတိုင်း သနပ်ခါးကို သီးညှပ်အနေနဲ့ စိုက်ပျိုးသင့်ပါတယ်။ ပြည်တွင်းမှာ သနပ်ခါးဈေးကွက်က ခိုင်မာပြီးသားပါ။ အဲဒါကြောင့် သနပ်ခါးတွေကို တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ အရာတော်မှာက ကြားသီးနှံ နှစ်ရှည်ပင်အဖြစ် ခြံနဲ့စိုက်တာတွေလည်းရှိပါတယ်” ဟု ဦးကျော်မိုးက ပြောသည်။

မြန်မာနိုင်ငံ၌ သနပ်ခါးကို အရာတော်၊ပခုက္ကူ၊ ရေစကြို၊ ပေါက်နှင့် မြိုင် စသည့်မြို့နယ်တို့၌ စိုက်ပျိုးကြပြီး အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြကြောင်း၊ သနပ်ခါးပင်များကို ရောင်းချရာတွင် သနပ်ခါးတစ်ပင်၏ အရည်အသွေး ပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ကာ အပင်အရေအတွက်အလိုက် ခြံပြတ်အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။                  

လင်းကြည်လင်း