လူငယ်တိုင်းမှာရှိသင့်သည့်အရည်အချင်း

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာ  ၈ ရက်)

လူငယ်တိုင်းမှာရှိသင့်သည့်အရည်အချင်း

မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားကျော်ကြားသော အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာမှသည် အလောင်းမင်းတရား၊ ဆင်ဖြူရှင်တို့သည် ရဲရင့်ခြင်းနှင့် လုံ့လဝီရိယနှင့်ပြည့်စုံသူများဖြစ်ကြသည်။ ကိုလိုနီ ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်မှသည် ယနေ့ခေတ်တပ်မတော်သားတို့သည်လည်း ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ ရှိသူများဖြစ်သည်။ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့သည်  သာမန်လူငယ်များဘဝမှ ရဲရင့်ခြင်းနှင့်လုံ့လဝီရိယကိုအခြေခံ   မိမိတို့ ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူများဖြစ်ကြသည်။

ရှေးအခါက မြန်မာပြည်တွင် ရဲစွမ်းသတ္တိသည်လွန်စွာအဖိုးထိုက်တန်လှသည်။ ထူးထူးချွန်ချွန်ရဲရင့်သောသူသည် ထူးထူးချွန်ချွန် အခွင့်အရေးကိုပိုင်ဆိုင်သည်။ သာမန်အခြေအနေတွင် မွေးဖွားသူဖြစ်သော်လည်းမိမိ၏ ရဲစွမ်းသတ္တိကြောင့် ကြီးမြင့်သော အခြေ အနေသို့ ရောက်ရှိနိုင်သည်။ ထင်ပေါ်ကျော်ကြားခြင်းဂုဏ်နှင့်ပြည့်စုံနိုင်သည်။ ဦးအောင်ဇေယျသည် မြန်မာပြည်ကြီး အကွဲကွဲအပြား ပြားဖြစ်နေခြင်းကို စုစည်းတည်ထောင်ကာ ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်နိုင်ခဲ့သည်။ လွယ်ကူသော အလုပ်မဟုတ် သော်လည်း သူ၏ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကြောင့် အောင်မြင်ခဲ့သည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလတွင်  လွန်စွာထင်ရှားသော မဟာဗန္ဓုလသည်လည်း ရဲရင့်ခြင်းနှင့်လုံ့လဝီရိယရှိခြင်းကြောင့် ယနေ့တိုင် သမိုင်းမော်ကွန်း ရေးထိုးထားနိုင်သည်။ သာမန်လယ်သမားမျိုးရိုးမှမွေးဖွားလာပြီး ထိုခေတ်အခါက တပ်မတော်တွင် သတိုးသုဓမ္မမဟာဗန္ဓုလဟူသော ဘွဲ့နှင့်ချီးမြှင့်ခြင်းခံရသည်မှာ သူ၏ရဲရင့်ခြင်းနှင့် လုံ့လဝီရိယကြောင့်ဖြစ်ပေသည်။ ရဲစွမ်းသတ္တိသည် ကြီးမားသော ဂုဏ်ရှိန်နှင့်ထင်ရှားကျော်ဇောခြင်းကိုဖြစ်စေခဲ့သည်ကို ကောင်းစွာကြားသိနိုင်ပေသည်။ ကြောက်ရွံ့တွန့်ဆုတ်သော သူသည်ကား အမြင့်အထွတ်အထိပ်သို့ရောက်ရန်ဝေးစွ။ မိမိ၌ရရှိပြီးသောစည်းစိမ်ချမ်းသာကလေးကိုပင် လုံခြုံအောင်စောင့်ရှောက် နိုင်ရန် ခဲယဉ်းလှပေသည်။

လောကတွင် ရှေ့သို့တက်လှမ်းခြင်း၊ နောက်သို့တွန့်ဆုတ်ခြင်းနှစ်မျိုးရှိသည့်အနက် ရှေ့သို့တက်လှမ်းခြင်းသည် ရဲရင့်ခြင်း၏ သဘော ဖြစ်သည်။ နောက်သို့တွန့်ဆုတ်ခြင်းသည် ကြောက်လန့်ခြင်း သဘောဖြစ်ပေသည်။ ရဲရင့်ခြင်းသည်တိုးတက်ခြင်းဖြစ်၍ ကြောက်လန့် ခြင်းသည် ဆုတ်ယုတ်ခြင်းဖြစ်သည်။ မည်သူမဆို တိုးတက်ခြင်းကိုသာအလိုရှိကြပေလိမ့်မည်။ တိုးတက်ကြီးပွားအောင် ကြိုးစား လိုစိတ်ကိုသာ ပိုင်ဆိုင်လိုကြပေလိမ့်မည်။ တိုးတက်ကြီးပွားလိုသူတိုင်းသည် တိုးတက်ကြီးပွားခြင်းသို့ ရောက်ရှိရန် ရဲရင့်ခြင်း၊ လုံ့လဝီရိယ စွမ်းအားထက်သန်ခြင်းများကို အမြဲပင်မွေးမြူသင့်ကြပေသည်။

မြန်မာ့ဆိုရိုးတွင် ကြောက်လျှင်လာဘ်လွဲ၊ ရဲလျှင်လာဘ်ရဆိုသော စကားတစ်ခုရှိသည်။ ကြောက်ရွံ့တွန့်ဆုတ်နေသောသူသည် ရထိုက်သော လာဘ်လာဘကိုပင် မရနိုင်ဘဲရှိတတ်သည်။ ရဲရင့်သောသူသည်ကားမိမိရှေ့တွင် အောင်မြင်မှုကိုမြင်တွေ့နေရသကဲ့သို့ ရသင့်ရထိုက်သော အောင်မြင်မှုကို မုချမသွေရပေလိမ့်မည်။ ရဲစွမ်းသတ္တိရှိသောသူသည် မိမိကိုယ်ကိုအားကိုး၍ သူတစ်ပါးတို့ကို အားကိုးမှီခိုလိုသော စိတ်ဆန္ဒနည်းပါးသည်။ ရဲစွမ်းသတ္တိမရှိဘဲ သူရဲဘောနည်းသူသည်ကား မိမိကိုယ်ကိုအားမကိုးဘဲ သူတစ်ပါးတို့ကို မှီခိုအားကိုးလိုသော ဆန္ဒသာရှိကြသည်။

ကိုယ့်အစွမ်းအစကို အားကိုး၍ ကိုယ်တိုင်ကြိုးစားလေ့ရှိသောသူသည် ကိုယ်ပိုင်ချမ်းသာမျိုး၊ ကိုယ်ပိုင်ဂုဏ်မျိုးကိုရရှိသည်။ ကိုယ်ပိုင် ချမ်းသာသည် လွန်စွာထက်မြက်၍ လွတ်လပ်ခြင်းဂုဏ်နှင့်ပြည့်စုံသည်။ ကိုယ်ပိုင်ဂုဏ်မျိုးတန်ခိုးထိန်လင်းဆိုသည့်အတိုင်း ကိုယ်ပိုင် ဂုဏ်မျိုးသည်ကား တန်ဖိုးကြီး၏။ မိမိ၏ကိုယ်ပိုင်ဂုဏ်ဖြင့် သူတစ်ပါးတို့ကိုလွှမ်းခြုံနိုင်သည်။ စစ်မှုနယ်ပယ်တွင်လည်းကောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်းကောင်း၊ ပညာရေးနယ်ပယ်တွင်လည်းကောင်း၊ နိုင်ငံရေးနယ်ပယ်တွင်လည်းကောင်း မိမိကိုယ်မိမိယုံ ကြည်မှုအပြည့်အဝဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းသည် ကိုယ်ပိုင်ဂုဏ်ရှိခြင်းဖြစ်ပေသည်။

လူတိုင်းသည် ပညာတတ်အောင် သင်ကြားကြရသည်။ တိုးတက်ကြီးပွားအောင်လေ့လာမှတ်သားကြရသည်။ မြတ်စွာဘုရားမှတစ်ပါး လူသားအားလုံးတွင် ဆရာအသီးသီးရှိကြသည်။ ထိုဆရာများထံမှ ပညာသင်ယူကြရသည်။ ဝီရိယနှင့်ရဲရင့်ခြင်းရှိသူသည် သာမန် လူတို့ထက် ပိုမိုကျွမ်းကျင်သည်။ ကျွမ်းကျင်သည်နှင့်ယုံကြည်မှုရှိလာသည်။ ကျွမ်းကျင်မှုရှိသည်နှင့် ရဲရင့်ခြင်းသည် အလိုလိုကပ်ပါ လာပေသည်။ ဝီရိယရှိခြင်းနှင့်ရဲရင့်ခြင်းတို့သည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာဖြစ်သည်။ ကြောက်စိတ်ဝင်နေသူတိုင်း အောင်မြင်မှုနှင့် ဝေးကွာနေမည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသူတိုင်းတွင် ခြောက်တိုင်းလည်း မကြောက်နဲ့၊ မြှောက်တိုင်းလည်း မမြောက်နဲ့၊ ချော့တိုင်းလည်း မပျော့နဲ့ ဟူသော ရဲရင့်ခြင်းသံမဏိ စိတ်ဓာတ်မွေးမြူထားကြသည်။ ရဲရင့်ခြင်းနှင့်လုံ့လဝီရိယသည် တစ်ဂိုဏ်းတည်းဖြစ်ပေရာ ယနေ့လူငယ်မောင်မယ်တိုင်း၊ တိုးတက်ကြီးပွားလိုသူတိုင်း ထိုစိတ်ထားကို မွေးမြူကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။