ထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါသည် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှ စတင်၍ ကူးစက်ဖြစ် ပွားခဲ့သည်။ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာ သြဂုတ် ၃၁ ရက်အထိ ရောဂါပိုးကူးစက်ခံရသူ ၈၀၀ ကျော်ရှိခဲ့ရာမှ စက်တင်ဘာ ၁၄ ရက်တွင် ၃၀၀၀ ကျော်ရှိလာခဲ့သည်။ နှစ်ပတ်အတွင်း လူဦးရေ ၂၀၀၀ ကျော် ကူးစက်ခံရခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နိုင်ခဲ့သည်။  တပ်မတော် အတွက် လွန်စွာအရေးကြီးသော(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ကိုပင် ရွှေ့ဆိုင်းထားခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက် များဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီး၍ ကျင်းပပြုလုပ်သည်။ အစည်း အဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပဏာမအမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိဂုံးချုပ်အမှာစကားတွင် "တပ်မတော်သည် နိုင်ငံတော်၏ခံစစ်စည်းဖြစ်သဖြင့် တပ်မတော်သား တိုင်း၊ မိသားစုဝင်တိုင်း ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ် သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ Real Time တိတိကျကျဆောင်ရွက်ပေးနိုင် ရမည်ဖြစ်ကြောင်း၊ မိမိတို့အားမည်သို့ပင် သဘောထားမှုများရှိစေကာမူ ပြည်သူလူထု၏အသက် အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းလျော့နည်းသည့်အတွက် မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ကျန်းမာရေးဆိုင်ရာသတိပြုမှုလျော့နည်းလာသည်။ ယင်းအချိန်တွင် အိမ်နီးချင်းနိုင်ငံအချို့၌ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမှာအလွန်မြင့်တက်လျက်ရှိသည်။ သြဂုတ်လနောက်ဆုံးပတ်တွင် ရခိုင်ပြည်နယ်၌ ရောဂါဖြစ်ပွားမှုနှုန်း ရုတ်တရက်မြင့်တက်လာခဲ့သည်မှစတင်ကာ နိုင်ငံအတွင်း ကူးစက်မှုနှုန်းမြင့်တက်ခဲ့သည်။ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် အလုပ်အကိုင် ထိခိုက်မှုရှိခြင်း၊ ပုံမှန်ဝင်ငွေရှိသောနိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိသာမှုမရှိသော်လည်း သာမန် အခြေခံလူတန်းစားများတွင် စားဝတ်နေရေးအခက်အခဲဖြစ်လျက်ရှိသည်။

ဤသို့အခက်အခဲရှိနေသူများအတွက် တပ်မတော်သည် ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစားများ၊ သဘင်၊ ဂီတ၊ ပန်းချီ စသည့်အနုပညာရှင်များ၊ မီဒီယာအဖွဲ့အစည်းများ၊ အားကစားသမားများနှင့် အခြားဝင်ငွေမရှိနိုင်သူများကို ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အမယ် လေးမျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ကူညီထောက်ပံ့ပေးလျက်ရှိသည်။ စစ်မှုထမ်း ဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များကိုလည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကုန်စည်စီးဆင်းမှုများရပ်ဆိုင်းပြီး ဒေသထွက်ကုန်များ ရောင်းချရခြင်းမရှိသည့် တောင်သူများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းများပျက်စီးပြီး အခက်အခဲ ဖြစ်ပေါ်နေသည့်တောင်သူများကိုလည်း တပ်မတော်အနေဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ ခရိုင်ဆေးရုံများ၊ တိုက်နယ် ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို လှူဒါန်းပေးလျက်ရှိသည်။

ဆေးရုံတက်လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည့်အပြင် စားသောက်ရေးကိစ္စများတွင် အဆင်ပြေစွာ အခက်အခဲမရှိစေရေးအတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများကိုလည်း ရောင်း ချပေးလျက်ရှိသည်။ ထိုသို့ ကူညီလှူဒါန်းထောက်ပံ့မှုများ၏ တန်ဖိုးငွေကိုဖော်ပြရလျှင် မတ်လ ၂၃ရက်မှစ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့၏ခရီးစဉ်များတွင် မြို့မိမြို့ဖများနှင့် ဒေသခံများသို့ COVID-19 ရောဂါကာကွယ်ရေး ဆေးပစ္စည်းများ ထောက်ပံ့မှုများအနေဖြင့် ငွေကျပ်သိန်း ၃၉၀၀ ကျော်၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် တိုင်းရင်းသား အဖွဲ့နယ်မြေများသို့ ငွေကျပ်သိန်း ၄၃၀၀ ကျော်၊ လူမှုအဖွဲ့အစည်းများသို့ ငွေကျပ်သိန်း ၆၀၀ ကျော်၊ ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ်သိန်း ၁၇၀၀ ကျော်၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်း ဟောင်းအဖွဲ့များသို့ ငွေကျပ် သန်း ၇၄၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ဤသို့ လှူဒါန်းနိုင်ခြင်းအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ စေတနာသဒ္ဓါတရားကား   ဝမ်းမြောက်ကြည်နူးမဆုံးဖြစ်ရပါကြောင်း  ရေးသားလိုက်ရပေသည်။