တောင်သူများ အသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေသြဇာ အကြောင်း အသိပေး ထုတ်ပြန်ချက်

တောင်သူများ အသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေသြဇာ အကြောင်း အသိပေး ထုတ်ပြန်ချက်

အမိုနီယမ်ဆာလဖိတ်  မြေသြဇာသည် အပင်မှ အများအပြား လိုအပ်သည့် အဓိကအပင် အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့် အပင်မှအနည်းငယ်သာ လိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီး ရေတွင် ပျော်ဝင်လွယ်သော  ဓာတုမြေသြဇာ တစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှု နည်းပါးစေရန်အတွက် သုံးစွဲသူတောင်သူများ အနေဖြင့် ၎င်းမြေသြဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိနားလည်ရန် လိုအပ်ပါသည်။   နိုက်ထရိုဂျင် အာဟာရဓာတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ် ဆာလဖိတ်မြေသြဇာကို နှုန်းမြင့်မားစွာ အသုံးပြုပါက အပင်မှ လိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို  လိုအပ်မှုထက် ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။

အမိုနီယမ်ဆာလဖိတ် မြေသြဇာတွင် ဆာလဖာပါဝင်မှု မြင့်မားခြင်းကြောင့် မြေကိုချဉ်စေသော သတ္တိရှိသဖြင့် မြေငန်များနှင့် မြေငန်ရှိသော ဒေသများတွင်သာ သုံးစွဲရန် သင့်တော်သော ဓာတ်မြေသြဇာ အမျိုးအစား ဖြစ်ပါသည်။ တောင်သူများအနေဖြင့် ဈေးနှုန်း သက်သာသည့်အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် မြေသြဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ  ယူရီးယားကဲ့သို့ အခြားသော  နိုက်ထရိုဂျင် မြေသြဇာများထက် မြေချဉ်စေသော အက်စစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

တောင်သူများအနေဖြင့် ၎င်းမြေသြဇာကို သုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငံကိန်း၊ စိုက်ပျိုးမည့်သီးနှံ အမျိုးအစား စသည်တို့အပေါ် မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေး ပညာရှင်များနှင့် မြေဆီလွှာ ပညာရှင်များ၏   ထောက်ခံအကြံပြုချက်  ရယူအသုံးပြုရန်  လိုအပ်ပါကြောင်း   အသိပေးအပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန