ပျော်ရွှင်လန်းဆန်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း

ပျော်ရွှင်လန်းဆန်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း

သဘာဝရှုခင်းများနဲ့ စိမ်းစိုလှပလျက်ရှိပြီး ပန်းရောင်စုံများနဲ့လှပနေတဲ့ ပြင်ဦးလွင်မြို့မှာ  လည်ပတ်စရာတွေ အလွန်များပြားလျက် ရှိပါတယ်။  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုး ကားလမ်းနံဘေးမှာရှိတဲ့  ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း အဆင့်မြှင့်တင်မှုများနဲ့ အပန်းဖြေ လာရောက်လည်ပတ်သူတွေရဲ့ စကားသံများကို ဖော်ပြလိုက်ရပါတယ်။

ဦးမောင်မောင်ကျော်(အထွေထွေမန်နေဂျာ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း)

-ကျွန်တော်တို့  ပွဲကောက်ရေတံခွန် ပေါ်ပေါက်လာပုံကို သမိုင်းကြောင်းနဲ့ချီပြီး ပြောပြချင်ပါတယ်။  ၁၉၄၉ ခုနှစ် ပြည်တွင်း သောင်းကျန်းမှုကာလမှာ မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့ကို သောင်းကျန်းသူများက သိမ်းပိုက်ထားတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြင်ဦးလွင်မြို့မှာရှိတဲ့ လေ့ကျင့်ရေး အင်ဂျင်နီယာတပ်က ဗိုလ်မှူးဘဖြူ ဦးစီးတဲ့ မြန်မာ့တပ်မတော်သားတွေဟာ ပွဲကောက်ရေတံခွန်နေရာမှာ အခြေပြုပြီး တော့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးတွေ ဆောင်ရွက်ခဲ့တာကို အစပြုပြီးခေါ်ဆိုခြင်း ဖြစ်ပါတယ်။  ပွဲကောက်ရေတံခွန်နေရာမှာ အခြေပြုပြီး ပြည်တွင်းသောင်းကျန်းမှုကို တိုက်ထုတ်အောင်မြင်ပြီးတဲ့အခါ အခုလက်ရှိ နေရာမှာ အခြေပြုလှုပ်ရှားခဲ့တဲ့ တပ်ရဲ့အမည်ကိုတွဲပြီး B.E Falls ဆိုပြီး လူသိများခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဒီအနားမှာရှိတဲ့ ပွဲကောက်ရွာနဲ့ဆက်စပ်ပြီး ပွဲကောက်ရေတံခွန်လို့  လူသိများခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲကောက်ရေတံခွန် အဆင့်မြှင့်တင် ဆောင်ရွက်ရခြင်းရဲ့     ရည်ရွယ်ချက်ကတော့  ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E Falls)) ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့အညီ  ကျွန်တော်တို့ အဆင့်မြှင့်တင် တည်ဆောက် ခဲ့တာကို ပထမဦးစွာ ပြောလိုပါတယ်။ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E Falls)) အဆင့်မြှင့်တင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်များ အနေနဲ့ကတော့ ပြင်ဦးလွင် မြို့ရဲ့ ဂုဏ်ယူဖွယ်ရာ ရေမြေတောတောင်ကို အခြေခံတဲ့  အပန်းဖြေစခန်း ဖြစ်လာစေဖို့၊ ကျောင်းသားလူငယ် အဖွဲ့အစည်းတွေအတွက် ဒေသန္တရဗဟုသုတ လေ့လာစရာနေရာတစ်ခု၊ တပ်မတော်အင်ဂျင်နီယာ ဗိုလ်လောင်းများ အတွက် ရေပြင်ဖြတ်ကူးခြင်းတွေ၊ တံတားထိုး ခြင်းတွေနဲ့ ရေအားလျှပ်စစ် တည်ဆောက် အသုံးပြုခြင်းစတဲ့ လက်တွေ့လေ့ကျင့်ခန်း တွေအတွက်  အထောက်အကူပြု ဆောင် ရွက်နိုင်ဖို့ဆိုတဲ့    ရည်ရွယ်ချက်တွေနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို အဆင့်မြှင့်တင် ဆောင်ရွက်တဲ့အခါမှာ ဇုန် (၅)ဇုန်ကို ခွဲပြီးတော့  အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ဇုန်(၅)ဇုန်မှာတော့  ဇုန်(၁)တွင် အပန်းဖြေနေရာများနဲ့ စားသောက်ဆိုင်တွေ၊  အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်တွေ၊ Coffee  shopတွေ၊   Food Court တွေ ပါဝင်ခြင်း၊ ဇုန်(၂)တွင် ကလေးကစားကွင်းများ၊ ဇုန်(၃)တွင် ရေမြေတောတောင် သဘာဝအတိုင်း ဖန်တီးထားတဲ့ တောတွင်းလျှောက်လမ်း၊ ဇုန်(၄)တွင် အပန်းဖြေအနားယူဖို့ အတွက် Quiet Area တွေနဲ့ ဇုန်(၅)ကို ကားပါကင်ဧရိယာဆိုပြီး ဇုန်(၅)ဇုန်ခွဲခြားပြီး အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို စတင်ဖွင့်လှစ်တဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန် စည်းကမ်းချက်များနဲ့အညီ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ- ရေတံခွန်   အပန်းဖြေစခန်း အပေါက်ဝမှာ အပန်းဖြေစခန်း အတွင်းဝင်လျှင် Mask  တပ်ဖို့ဆိုပြီး အသိပေးနှိုးဆော်ထားပါတယ်။ 

တစ်ဦးနဲ့တစ်ဦး   အကွာအဝေး ၆ ပေ ကွာခြားပြီး  ဝင်ရောက်ဖို့အတွက် အသိပေး နှိုးဆော်ထားပါတယ်။  လက်ဆေးဖို့ နေရာတွေ၊ အမှိုက်စနစ်တကျ စွန့်ပစ်ဖို့နေရာတွေကို ရောဂါကာကွယ်ရေး အတွက် စနစ်တကျ ဆောင်ရွက်ထားပါတယ်။    ဆက်ပြီးဆောင်ရွက်ရမယ့်   အစီအစဉ်ကတော့ ဒီကနေ့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ   နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း အဆင့်မြှင့်တင် ဆောင်ရွက်မှုကို  တက်ရောက်ပြီး  ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ဆက်လက်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်တဲ့ လုပ်ငန်းတွေကိုလည်း     ဇုန်အလိုက်သတ်မှတ်ထားတဲ့ ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။   ထူးထူးခြားခြား ပြင်ဆင် ဆောင်ရွက်မှုအနေနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်တဲ့ လုပ်ငန်းတွေ၊   သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ ရေသန့်စင်တဲ့ လုပ်ငန်းတွေကို   ဆောင်ရွက် ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ခရီး စဉ်မှာ  လမ်းညွှန်ချက်နဲ့အညီ  ပွဲကောက် ရေတံခွန်အတွင်းရှိမြေလွတ် ၆ ဧကကို ရှင်းလင်းပြီး  လှေကားထစ် စိုက်ခင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ 

ဒီလှေကားထစ်စိုက်ခင်းမှာ ဆိုရင် ဒေသနဲ့ ကိုက်ညီတဲ့ သီးပင်စားပင်တွေ၊ ရာသီပေါ် သီးပင်တွေ၊  ပြင်ဦးလွင်ရဲ့အထင်ကရဖြစ်တဲ့ သစ်ပင်ပန်းမန်တွေကို ပြည့်စုံအောင်စိုက်ပျိုးထားရှိပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း သဘာဝနေစွမ်းအင်ကရတဲ့ ဆိုလာစနစ်ကိုသုံးပြီး ရေပေးဝေရေးစနစ်၊ ရေလောင်းတဲ့စနစ်တွေကိုလည်း တစ်ပါ တည်း ပူးတွဲဆောင်ရွက် ထားတယ်လို့ ရှင်းပြချင်ပါတယ်။ ကလေးကစားကွင်းတွေ၊ ဆင် အလှတွေ၊ မြင်းအလှတွေလည်း ဆောင်ရွက်ထားပါတယ်။ ရှေးဟောင်းယာဉ်တွေကိုလည်း ဒေသန္တရဗဟုသုတ ရအောင် ပြသထားပါတယ်။ ပန်းတာဝါတစ်ခုကို လှေကားထစ် စိုက်ခင်းတွင်    တည်ဆောက်ထားပြီး ဓာတ်ပုံရိုက်ကူးဖို့အတွက်  နေရာကောင်း တစ်ခုအဖြစ် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။

ဦးကိုကိုနိုင်(Eain Wine Shop)

   ကျွန်တော်တို့ဆိုင်မှာ    ရောင်းချတဲ့ ပစ္စည်းများကတော့ မက်မွန်သီး၊ စတော် ဘယ်ရီယို၊ ယိုမျိုးစုံ၊  အဆစ်အမြစ်စုံတွေ၊ ဝိုင် ဆိုရင်လည်း သက်တမ်း ငါးနှစ်အထက်ရှိတဲ့ ဝိုင်တွေကို ရောင်းချပေးလျက်ရှိပါတယ်။ အရင်တုန်းက ဆိုင်ခန်းအပြင်အဆင်နဲ့ အခု အဆင့်မြှင့်ပြီးတဲ့ အပြင်အဆင်ကွာခြားမှု ကတော့  အဆင့်မြှင့်တင်မှု အနေနဲ့ အများ ကြီးကွာခြားပါတယ်။ အရင်တုန်းကတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်ရတယ်။ အခုကတော့ အဆင့်မြင့်မြင့်တိုက်ခန်းများ လုပ်ပေးထားတဲ့အတွက် ပိုပြီးတော့ကောင်း မွန်ပါတယ်။ ဒီနေရာမှာ ဒေသထွက်ပစ္စည်း မျိုးစုံကို တွေ့နိုင်တယ်။ အဆင့်မြှင့်ထားတဲ့ အတွက် သွားလာရေးလည်း တော်တော် ကောင်းမွန်သွားပါတယ်။ အပန်းဖြေနိုင်ဖို့ အတွက် ကလေးကစားကွင်းများ၊  အနားယူစရာနေရာများ၊ ရှုခင်းများ၊ သဘာဝအလှ တရားများ၊ ဆင်အလှတွေ၊ မြင်းအလှတွေ  ထားရှိတဲ့အတွက်  ယခင်ထက် အများကြီး  ပိုမိုကောင်းမွန်လာပါတယ်။

မလဲ့ရည်မွန်(ဆုလာဘ်နွယ်ဆွယ်တာဆိုင်)

  ကျွန်မတို့ဈေးဆိုင်မှာ ရောင်းချတဲ့ပစ္စည်း များကတော့ ပြင်ဦးလွင်ဒေသထွက် အနွေးအင်္ကျီတွေ၊ ဦးထုပ်တွေ၊ မာဖလာတွေ၊ တိုင်းရင်းသားရိုးရာ အထည်တွေ၊ အင်းလေးအထည်တွေ၊ ခေတ်ပေါ်အင်္ကျီမျိုးစုံ ရှိပါတယ်။ ဝယ်ယူသူအပေါ် ကျွန်မတို့ဆိုင်အနေနဲ့   ဝန်ဆောင်မှုပေးတာကတော့  အရင်တုန်းက ဆိုင်က ဒေသပုံစံလေးဖြစ်ပြီး အခုအခါ အဆင့်မြှင့်လိုက်တဲ့အခါ ဝယ်ယူသူတွေ စိတ်ချမ်းသာအောင် အေးချမ်းပျူငှာစွာ ကြိုဆိုဆက်ဆံတဲ့ ဝန်ဆောင်မှုမျိုးကို ပေးပါတယ်။ ခရီးသွားများ အနေနဲ့ ပြင်ဦးလွင်ကိုရောက်ရင် ကျွန်မတို့ဆိုင်တည်ရှိတဲ့ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို    လာခဲ့ဖို့ဖိတ်ခေါ်ရင်း ဒေသထွက် ပစ္စည်းများကို လာရောက်ဝယ်ယူ အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးသူရိန်(တာဝန်ခံ) B.E Falls Food Court

    ကျွန်တော်တို့ရဲ့ B.E Falls Food Court မှလာရောက်လည်ပတ်သူတွေ အဆင်ပြေစွာ စားသုံးနိုင်ဖို့အတွက် မြန်မာ့အစားအစာတွေ၊ ထိုင်းအစားအစာ၊ ဘာဂါ၊ ဆန်းဒဝှစ်ရှ်၊ ကော်ဖီ၊ အအေး၊ လက်ဖက်ရည်၊ မန္တလေး မြီးရှည်၊ China food  တွေ ရောင်းချလျက် ရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်ရောင်းချနေတဲ့ အခြေအနေကတော့ ထိုင်ခုံတွေကို တစ်ခုနဲ့တစ်ခု ၆ ပေအကွာ ခင်းကျင်းထားပါတယ်။  Food Court အဝင်ဝမှာ ကိုဗစ်-၁၉ လမ်းညွှန်ချက်တွင် ပါသည့်အတိုင်း  စားသုံးသူများအတွက် လက်ဆေးကန်တွေ၊  စားပွဲများတွင် Hand Gel ဘူးတွေချပေးထားပြီး အသုံးမပြု တော့မည့် Mask များကို စနစ်တကျ လွှင့်ပစ် နိုင်စေရန်အတွက် အမှိုက်ပုံးများထားပေးထားပါတယ်။ လာရောက်စားသုံးသူတွေ အဆင်ပြေစွာ စားသုံးနိုင်ဖို့အတွက် အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာ ဖြစ်အောင် စီစဉ်ထားပါတယ်။   ဆိုင်ရှိဝန်ထမ်းများက လာရောက် စားသုံးသူတွေအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံစေပြီး စားသုံးသူများ မှာယူသည့် အစားအသောက်များကို အချိန်မကြာအောင် အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်လျင်မြန်တဲ့ စားဖိုမှူးများကို ခန့်ထားပါတယ်။

ဒေါ်ပန်းမင်းဦး(ပြင်ဦးလွင်မြို့)

   အန်တီကတော့ ပြင်ဦးလွင်မြို့မှာ နေထိုင်တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ပြင်ဦးလွင် သူဖြစ်တဲ့အတွက် အရင်တုန်းက ပွဲကောက် ရေတံခွန်နဲ့ အခု အဆင့်မြှင့်တင်ထားတဲ့ ပွဲကောက်ရေတံခွန်ရဲ့ ကွာခြားမှုတွေကတော့  အရင်တုန်းကလာရင် ဒီနေရာမှာ သူ့ဆိုင်ခန်းနဲ့သူမရှိဘူး။ ကျယ်ကျယ်ဝန်းဝန်းလည်း မရှိသလိုဘဲ ခံစားရတယ်။ အခုလို ပြုပြင်လိုက်တော့ အကျယ်ကြီးလည်းဖြစ်သွားတယ်။

ဆိုင်ခန်းလေးတွေ သူ့နေရာနဲ့သူ ရှိလာတဲ့အတွက် အကုန်အဆင်ပြေပြေ ဖြစ်နေတာကြောင့် အန်တီ့အနေနဲ့ အရမ်းဝမ်းသာမိပါတယ်။ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို လာရောက်လည်ပတ်သူတွေအနေနဲ့  စိတ်ကြည်နူးမှုရရှိပါတယ်။ လေကောင်း လေသန့်လည်းရတယ်။ ကျယ်ကျယ်ဝန်းဝန်းနဲ့  ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းတွေကို  စနစ်တကျ ဆိုင်ခန်းလေးတွေဖွဲ့စည်းထားတဲ့ အတွက် ဝယ်ယူနိုင်ပြီး  မပင်ပန်းဘဲ သွားလာ လည်ပတ်လို့ရပါတယ်။ ပြင်ဦးလွင်မြို့အနေနဲ့ ဒီပွဲကောက်ရေတံခွန်ကြီးကြောင့်  ပိုပြီး သာယာလှပနေတာပါလို့ ပြောချင်ပါတယ်။ ပြင်ဦးလွင်မြို့ကို ရောက်ဖြစ်ခဲ့ရင် လာဖြစ်အောင် လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။  ။