စိုးရိမ်ဖွယ်ကောင်းသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းနှင့်ပတ်သက်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့သတိပေး

 

ဥရောပဒေသတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းသည် စိုးရိမ်ဖွယ်ကောင်းသည့်   အခြေအနေတွင်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် သတိပေးသည်။ ထို့ပြင်အသွားအလာကန့်သတ် ထားရှိသည့် အချိန်ကာလကို လျှော့ချမှုနှင့် ပတ်သက်၍လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားကြောင်းသိရသည်။ ဥရောပ ဒေသ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်မှာ စက်တင်ဘာလအတွင်း မြင့်တက် လာခြင်းသည် ကျန်းမာရေးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့်ဟု ဆိုနိုင်သော်လည်း တကယ်တမ်းတွင် စိုးရိမ်ဖွယ်ကောင်းသည့် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဥရောပဒေသညွှန်ကြားရေးမှူး ဟန်ကလူ့ က ပြောသည်။

၎င်းတို့အနေဖြင့် သံသယလူနာအတွက် အသွားအလာကန့်သတ်ထားရှိသည့် အချိန်ကို ၁၄ ရက်ကြာ သတ်မှတ်ရခြင်းမှာ ရောဂါအစပျိုးမှုနှင့် ကူးစက်ပျံ့နှံ့နိုင်မှု အချိန်ကာလတို့ကို အခြေခံ၍ သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဥရောပဒေသအရေးပေါ် ကိစ္စများဆိုင်ရာ အကြီးတန်းအရာရှိ ကက်သရင်းစမောဝုက ပြောသည်။ ယခုအခါ ပြင်သစ်နိုင်ငံသည် အသွားအလာ ကန့်သတ်ရမည့် အချိန်ကို ခုနစ်ရက်သို့ လည်းကောင်း၊ ဗြိတိန်နှင့်အိုင်ယာလန် အပါအဝင် အခြားသော ဥရောပနိုင်ငံများက ၁၀ ရက်သို့ လည်းကောင်း လျှော့ချသတ်မှတ် ထားသည်။ ဥရောပဒေသ၌ ရောဂါကူးစက်ခံရသူစုစုပေါင်း ငါးသန်းနီးပါးနှင့် ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၂၇၀၀၀ ကျော်ရှိလာကြောင်း သိရသည်။ တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူအများဆုံးမှာ စက်တင်ဘာ ၁၁ ရက်တွင်ဖြစ်ပြီး လူပေါင်း ၅၄၀၀၀ ခန့် ရှိကြောင်း သိရသည်။

Ref: CNA