ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးလက်ဝါးကြီးအုပ်မှုကြောင့်ဆင်းရဲတဲ့နိုင်ငံတွေ ရောဂါကာကွယ်ဆေးနောက်ကျမှရမယ်ဆိုရင် . . . . .

 

ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကတော့ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊    ဆင်းရဲချမ်းသာမရွေး၊ လူကြီးလူငယ်မရွေးကူးစက်နေပေပြီ။

ဒါပေမဲ့ စမ်းသပ်ဆဲသာရှိနေသေးတဲ့ ရောဂါကာကွယ်ဆေးတွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှုကြားမှာ တစ်ဖက်စောင်းနင်းရွေးချယ်ခံနေရပြီပဲဖြစ်ပါတယ်။

အခုဆိုရင် ကမ္ဘာ့လူဦးရေရဲ့အနည်းငယ်မျှသောအစိတ်အပိုင်းဖြစ်တဲ့ ချမ်းသာတဲ့နိုင်ငံတွေက အလားအလာကောင်းတွေရှိတဲ့ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထက်ဝက်ကျော်ကို  ဝယ်ယူထားပြီးပါပြီ။

အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်ဆိုရင် သူ့နိုင်ငံထဲက ပြည်သူတွေအနေနဲ့ လာမယ့် သီတင်း ပတ်အနည်းငယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ ထိုးနှံခွင့်ရတော့မယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ ထုတ်လုပ်ဖို့အတွက်ရှေ့ပြေးနေတဲ့  ကာကွယ်ဆေးငါးမျိုးရှိပါတယ်။ သူတို့ အားလုံးကလည်း အရေးကြီး တဲ့နောက်ဆုံးအဆင့်လက်တွေ့စမ်းသပ်မှုကို လုပ်ဆောင်နေဆဲပါ။

အဲဒီကာကွယ်ဆေးငါးမျိုးရဲ့ ထုတ်လုပ်နိုင်တဲ့ပမာဏက ဆေးအလုံးရေ ၅ ဒသမ ၉ ဘီလီယံ ရှိတယ်လို့ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  အောက်စဖမ်အမေရိကရဲ့ သုတေသနမှာဖော်ပြထား ပါတယ်။   ဆေးအလုံးရေ ၅ ဒသမ ၉ ဘီလီယံဟာ     လူပေါင်း ၃ ဘီလီယံနီးပါးကို   ကာကွယ် ဆေးထိုးပေးဖို့အတွက်လုံလောက်ပါတယ်။

အဲဒီထဲကမှ ၅၁ ရာခိုင်နှုန်းကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဂျပန်၊ ဆွစ်ဇာလန်နဲ့ အစ္စရေးတို့အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက    ကြိုတင်ဝယ်ယူထားပြီးပါပြီ။ အဲဒီချမ်းသာတဲ့နိုင်ငံတွေရဲ့လူဦးရေစုစုပေါင်းက ကမ္ဘာ့လူဦးရေရဲ့ ၁၃ရာခိုင်နှုန်းသာရှိတာပါ။ ကျန်ရှိတဲ့ဆေးအလုံးရေ  ၂ ဒသမ ၆ ဘီလီယံကိုလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မက္ကဆီကိုနိုင်ငံတို့အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဝယ်ယူထားပါတယ်။     တချို့ ကလည်း ဝယ်မယ်လို့ကတိပြုထားပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ  အွန်းဆူလာဖွန်ဒယ်လိုင်ယန်ကတော့ အခုလိုမျိုးကာကွယ်ဆေးတွေကို   ချမ်းသာတဲ့နိုင်ငံတွေက အလုအယက်ဝယ်ယူထားတာဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာရှိတဲ့  ပြည်သူ တွေအတွက် အသက်အန္တရာယ်ရှိတယ်လို့   သတိပေးစကားဆိုလိုက်ပါပြီ။

တချို့နိုင်ငံကြီးတွေကလည်း   ရောဂါကာကွယ်ဆေးကို နိုင်ငံရေးမှာ အသုံးချလာတာတွေ့လာရ ပတယ်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီမှာ ပြည်သူအားလုံး ကာကွယ်ဆေးတွေရရှိမယ်လို့ အခိုင်အမာဆို ထားပါတယ်။

တကယ်တမ်းတော့    ကာကွယ်ဆေးကောင်းတစ်ခုရဖို့အတွက် အရင်တုန်းက အဆင့်ဆင့် စမ်းသပ်မှုတွေလုပ်ပြီး နှစ်ပေါင်းများစွာကြာအချိန်ယူရပါတယ်။ အခုတော့ တစ်နှစ်တောင် မရှိသေးတဲ့အချိန်အတွင်းမှာ   ကာကွယ်ဆေးရတော့မယ်လို့ဆိုလိုက်ခြင်းဟာ ကျွမ်းကျင်ပညာ ရှင်တွေရဲ့ခန့်မှန်းချက်ထက်ကို အများကြီးစောနေပါတယ်။

ပညာရှင်တွေ    ခန့်မှန်းထားတာက လာမယ့်နှစ်လယ်ပိုင်းမှသာ  တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ကာကွယ်ဆေးတွေ ရှိမယ်လို့ဆိုထားတာပါ။ ဒါပေမဲ့ ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲ မှာ သူ့အနေနဲ့ထပ်မံအနိုင်ရရှိရေးအတွက် ရောဂါကာကွယ်ဆေးကို နိုင်ငံရေးမှာအသုံးချနေပြီး    အများပြည်သူသုံးစွဲဖို့ အဆင်သင့်မဖြစ်သေးတဲ့ဆေးကို   အချိန်တိုအတွင်းအတည်ပြုပေးဖို့ ဆေးဝါးတာဝန်ရှိသူတွေကို ဖိအားပေးနေတယ်လို့ ဒီမိုကရက်တစ်အမတ်တွေက ဆိုထားပါ တယ်။

အခုလိုမျိုး ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေကိုလက်ဝါးကြီးအုပ်ဝယ်ယူထားမှုက ဆင်းရဲတဲ့နိုင်ငံတွေအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်စေလဲဆိုတာဆက်ပြောရရင် ဆင်းရဲတဲ့နိုင်ငံတွေဟာ ဆင်းရဲနွံအတွင်းမှာ နစ်သထက်နစ်သွားနိုင်တဲ့ အထိအကျိုးသက်ရောက် စေပါတယ်။ ဘာကြောင့်လဲဆိုရင်   အခုလိုကမ္ဘာ့ကပ်ရောဂါကာလကြီးမှာ    စီးပွားရေးအင်အား တောင့်တင်း ခိုင်မာပါတယ်ဆိုတဲ့ နိုင်ငံတွေတောင်မှ  စီးပွားရေးပျက်ကပ်နဲ့ကြုံနေရတာပါ။

အနီးဆုံးအဖြစ်အပျက်ကတော့ နယူးဇီလန်နိုင်ငံဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံး အကြိမ်စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်လိုက်ရတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ သူတို့လိုနိုင်ငံတွေက လူတွေသာ ကျန်းမာရေးကောင်းမယ်ဆိုရင် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ   စီးပွားရေး နာလန် ထူအောင်လုပ်နိုင်တဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေကတော့    ရောဂါကာကွယ်ဆေးကို နောက်ကျမှရမယ်ဆိုရင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍပေါင်းစုံမှာ ဟိုးနောက်ဆုံးကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ကမ္ဘာ့ကပ်ရောဂါကာလကြီးမှာ ပြိုလဲမသွားစေဖို့ ကျားကန်ပြီး တောင့်ခံထားရမယ့် အခြေအနေရောက်နေပြီပဲ ဖြစ်ပါတယ်။