COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့်အဖွဲ့အစည်းများအား အထူးကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ခြင်း

 

ကျွန်တော်တို့၏လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ သူနာပြုများနှင့် ကျွမ်းကျင်ပညာရှင်များသည် ပြည်သူ့ဆေးရုံကြီးများ၊ COVID-19 ကုသရေးဌာနများ၌ လူနာများ ရောဂါအမြန်ဆုံး ပျောက်ကင်းစေရန်အတွက် လည်းကောင်း၊ သေဆုံးမှုနည်းပါးစေရန်အတွက် လည်းကောင်း နေ့မနား၊ ညမအား အလွန်ပင်ပန်းစွာ မိမိကိုယ်ကျိုးကိုမငဲ့ဘဲ ဆောင်ရွက်လျက်ရှိကြပါတယ်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု ပေးရာ၌ အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆေးရုံများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ အဘက်ဘက်မှအတတ်နိုင်ဆုံး ထောက်ပံ့ ပံ့ပိုးပေး လျက်ရှိပါတယ်။

ယခုအချိန်တွင် ကျွန်တော်တို့သည် ဆေးရုံများ၌ လူနာများ အဆင်ပြေစွာဆေးကုသမှု ခံယူနိုင်ရန်အတွက် ဆေးတက္ကသိုလ်များ၊ ဆေးနှီးနွှယ်တက္ကသိုလ်များမှ လူ့စွမ်းအား အရင်းအမြစ်များကို ဆေးရုံများ၌ လည်းကောင်း၊ နောက်ထပ်ဖွင့်လှစ်မည့် ယာယီ COVID-19 ကုသရေးဌာနများ၌လည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနများ၌ လည်းကောင်း၊ လက်ရှိ Quarantine Center များ၌လည်းကောင်း၊ နောက်ထပ်ဖွင့်လှစ်မည့် Quarantine Center များ၌လည်းကောင်း တာဝန်များခွဲဝေချထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ဆေးရုံများ၌ တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ ဆရာမများနှင့် နှီးနွှယ်ပညာရှင်များ သက်သောင့်သက်သာအဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် ဟိုတယ်များနှင့် အခြားကောင်းမွန်စွာ နေထိုင်နိုင်ရန် အစီအမံများ ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

အလားတူစွာ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာ ရေးပညာရှင်များကလည်း ပြည်တွင်း၌ ကူးစက်ပျံ့နှံ့မှုအရှိန် လျော့ပါး၍ ရပ်ဆိုင်းသွားစေရန် ဝန်ကြီးဌာနမှ ချမှတ် ထားသော လုပ်သင့်လုပ်ထိုက်သည့်   နည်းဗျူဟာများကို   သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အထူးကြိုးစားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါတယ်။

ဗဟိုမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး တာဝန်ခံများမှလည်း တစ်နိုင်ငံလုံး၏ အခြေအနေ အရပ်ရပ်ကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒရှုထောင့်မှ    အချိန်နှင့်တစ်ပြေးညီ သုံးသပ်ပြီး ထွက်ပေါ်လာသည့် တွေ့ရှိချက်များအပေါ် မူတည်၍ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရန် သက်ဆိုင်ရာတာဝန်ခံများသို့ အချိန်နှင့်တစ်ပြေးညီအသိပေးပြီး ဆောင်ရွက် လျက်ရှိပါတယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များ အားလုံးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင် ဝမ်းမြောက် ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း ထပ်လောင်းပြောကြား လိုပါတယ်။

ယခုအချိန်မှာ ရောဂါပိုးက ထင်မှတ်ထားသည်ထက် ကူးစက်မှု မြန်ဆန်လာတာတွေ့နေရ ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာ ပြည်သူ/ပြည်သားများ မည်သူ့ကိုမျှ ထပ်မံရောဂါ မကူးစက်စေ လိုပါ။ မည်သူ့ကိုမျှ အသက်မဆုံးရှုံးစေလိုပါ။

တစ်ချိန်တည်းမှာပင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရမှု မရှိစေရန်အတွက် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ (Infection prevention and control measures) ကို အားဖြည့်ဆောင်ရွက်လျက်ရှိပါတယ်။

ယခုအချိန်တွင် ပြည်သူများနှင့် ကျွန်တော်တို့တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ကာ တစ်ဦးကို တစ်ဦး အရှိန်အဟုန်မြှင့် အားဖြည့်ပံ့ပိုးဆောင်ရွက်ပါက ဤကပ်ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ပြီး ကူးစက်မှုလျော့နည်းရပ်တန့်သွားနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါတယ်။

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန