ဗီယက်နမ်ရှိ ဗင်းဂရုကား ကုမ္ပဏီက လျှပ်စစ်ကားအတွက် ဘက်ထရီစက်ရုံ စတင် တည်ဆောက်

ဗီယက်နမ်ရှိ ဗင်းဂရုကား ကုမ္ပဏီက လျှပ်စစ်ကားအတွက် ဘက်ထရီစက်ရုံ စတင် တည်ဆောက်

ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံး ကားကုမ္ပဏီ တစ်ခုဖြစ်သော ဗင်းဂရုအမည်ရှိ ကုမ္ပဏီက လျှပ်စစ်ကားများအတွက် ဘက်ထရီစက်ရုံကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း ထိုကုမ္ပဏီက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါဘက်ထရီ စက်ရုံသည် အမေရိကန်ဒေါ်လာ ၁၇၄ သန်းကုန်ကျမည်ဖြစ်ပြီး ထိုစက်ရုံမှထွက်ရှိသော ဘက်ထရီများကို ဗင်းဖက်(စ်)လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုသွားမည်ဖြစ်သည်။ ဗင်းဂရုလက်အောက်ရှိ ဗင်းဖက်(စ်) ကုမ္ပဏီသည် ၂ဝ၁၉ ခုနှစ်တွင် ဓာတ်ဆီစွမ်းအင်သုံး ကားများကို ထုတ်လုပ်နိုင်ပြီးနောက် ဗီယက်နမ်နိုင်ငံ အတွင်း ပထမဆုံးသော မော်တော်ကား တစ်စင်းလုံး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်လာသည်။

ဗင်းဖက်(စ်)ကုမ္ပဏီသည် အမေရိကန် ပြည်ထောင်စုဈေးကွက်ကို အဓိကဦးစားပေး ဖြန့်ဖြူးသွားမည်ဖြစ်ပြီး လျှပ်စစ် SUV  ကားများနှင့် ဘက်ထရီအငှားချမှု လုပ်ငန်းတို့ကို လာမည့်နှစ်တွင် ထုတ်ဖော်ပြသသွားရန် ရည်မှန်းထားသည်။

ဗင်းဂရုက တည်ဆောက်နေသော လျှပ်စစ်ကားများအတွက်  ဘက်ထရီစက်ရုံသည် နိုင်ငံအတွင်း ပထမဆုံးဖြစ်ပြီး နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ်၏   မြေဧရိယာ ၈ ဟက်တာပေါ်၌ တည်ရှိသည်။

ကနဦးအနေဖြင့် အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဘက်ထရီအလုံးရေ တစ်သိန်းကို ထုတ်လုပ်သွားရန် စီစဉ်ထားပြီး နောက်ပိုင်းတွင် နှစ်စဉ်ဘက်ထရီ အလုံးရေတစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်သွားနိုင်မည်ဟု မျှော်မှန်းထားသည်။

ထိုစက်ရုံနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောထားခြင်း မရှိသော်လည်း အောက်တိုဘာလ ထုတ်ပြန်ချက်များအရ ၂ဝ၂၅ ခုနှစ်တွင် စွမ်းအားပြည့် လည်ပတ်နိုင်မည်ဟု သိရသည်။

ဗင်းဖက်(စ်)ကုမ္ပဏီသည် ၎င်းတို့၏ လျှပ်စစ်ကားများအတွက် အခြားသော ကုမ္ပဏီများက ထုတ်လုပ်သည့် ဘက်ထရီများ အပေါ်သာမှီခိုနေရစဉ် ဗင်းဂရုကုမ္ပဏီက ယခုကဲ့သို့ ဘက်ထရီစက်ရုံကို ဖွင့်လှစ်နိုင်သည့်အတွက် ကိုယ်ပိုင်ဘက်ထရီ ထောက်ပံ့မှုကွင်းဆက်ကို ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း သိရသည်။