ဇန်နဝါရီလလယ်တွင် ဥရောပ၌ အိုမီခရွန်က နေရာယူ လွှမ်းမိုးလာနိုင်ဟုဆို

ဇန်နဝါရီလလယ်တွင် ဥရောပ၌ အိုမီခရွန်က နေရာယူ လွှမ်းမိုးလာနိုင်ဟုဆို

လာမည့်ဇန်နဝါရီလလယ်တွင်    ဥရောပ၌  အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးက နေရာယူ လွှမ်းမိုးလာနိုင်ကြောင်း ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အူဆူလာဗွန်ဒါလိုင်ယန်က ဒီဇင်ဘာ ၁၅ ရက်တွင် သတိပေးသည်။

သို့သော် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရန် လုံလောက်သော ကာကွယ်ဆေးများ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

အိုမီခရွန်ကြောင့်   ရောဂါဖြစ်ပွားသူ အရေအတွက်သည် အချိန်နှစ်ရက် သို့မဟုတ် သုံးရက်လျှင် နှစ်ဆမြင့်တက်နေသည်ကိုမြင်တွေ့ရကြောင်း၊ ထို့ကြောင့် လာမည့် လလယ်တွင်  ဥရောပ၌ နေရာယူ လွှမ်းမိုးလာမည့်ရောဂါပိုးမှာ အိုမီခရွန် ဖြစ်လာမည်ဟု မျှော်မှန်းသင့်ကြောင်း အူဆူလာဗွန်ဒါလိုင်ယန်က  ဥရောပ လွှတ်တော်၌ ပြောသည်။

၎င်းတို့အနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ခက်ခဲစွာကြိုးပမ်းထားပြီး အောင်မြင်မှုများစွာကို ရရှိထားသည့်အတွက် ဥရောပအနေဖြင့်  ယခုအခါ  ထိုရောဂါကို တိုက်ဖျက်ရန် ပိုမိုကောင်းမွန်သော အနေအထားတွင် ရှိကြောင်း   အူဆူလာဗွန်ဒါလိုင်ယန်က ဆက်ပြောသည်။

ထို့ပြင် ကာကွယ်ဆေးနှင့်ပတ်သက်၍ ဥရောပ၌ တစ်လလျှင် ကာကွယ်ဆေးအလုံးပေါင်း သန်း ၃ဝဝ  ထုတ်လုပ်နိုင်မည့် အနေအထား ရှိကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီများက အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးကို တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးများ ထုတ်လုပ်ပြီးပါက ဥရောပသမဂ္ဂ အနေဖြင့်လုံလောက်သည့်  ကာကွယ်ဆေးများရရှိရန်  စာချုပ်များချုပ်ဆိုထားပြီးဖြစ်ကြောင်းနှင့်  ထိုသို့သော ကာကွယ် ဆေးကိုထုတ်လုပ်ရန် ရက်ပေါင်း ၁ဝဝ သာကြာမည်ဖြစ်ကြောင်း အူဆူလာဗွန်ဒါလိုင်ယန်က ပြောသည်ဟု သိရသည်။