တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီး

တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီး

နေပြည်တော်၊ ဒီဇင်ဘာ ၁၇
    
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအတွင်းသို့ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား (စိစစ်ဆဲ)တို့က လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဝင်ရောက်လာသဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ကျေးရွာနေ ပြည်သူ အများစုသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများအား ကြောက်ရွံ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
    
ထိုသို့ထွက်ပြေးတိမ်းရှောင်ကြရာ အသက်အရွယ်ကြီးရင့်၍ သွားလာလှုပ်ရှားရန် မလွယ်ကူ သည့် အဆိုပါကျေးရွာနေ ဦးကျော်စိုး (၆၇)နှစ်(ဘ)ဦးဖိုးသိုးနှင့် ၎င်း၏မိသားစုဝင်များဖြစ်ကြသော ဒေါ်ခင်လှိုင်(၆၅)နှစ် (ဘ)ဦးဂျမ်း၊ ဒေါ်လှိုင်စိုး(၄၅)နှစ် (ဘ)ဦးကျော်စိုးနှင့် ဒေါ်ဂျမ်းတော(၈၅)နှစ် (ဘ) ဦးကျောက်ခဲ၊ ဒေါ်ခင်ဆွေမြင့်(၇၄)နှစ် (ဘ)ဦးကျောက်ခဲတို့သည် ၎င်းတို့၏နေအိမ်များ၌ ပုန်းအောင်း လျက်ရှိစဉ် အကြမ်းဖက်သမားများကနေအိမ်များအတွင်း ဝင်ရောက်ကာ “သတင်းပေး၊ ဒလန်”ဟု စွပ်စွဲပြောဆို၍ ရက်စက်စွာသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပါသည်။
    
အကြမ်းဖက်သမားများ၏ ထိုကဲ့သို့ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့မှုတို့ကြောင့် ဦးကျော်စိုးနှင့် မိသားစု ဝင်များဖြစ်ကြသော ဒေါ်ခင်လှိုင်၊ ဒေါ်လှိုင်စိုးတို့ ၃ ဦးမှာ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့ပြီး ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့ ၂ ဦးမှာ ခန္ဓာကိုယ်အနှံ့ သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ သည့်အပြင် ဦးကျော်စိုး ပိုင်ဆိုင်သည့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး (တန်ဖိုး စိစစ်ဆဲ)တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။
    
ထိုကဲ့သို့ ကျေးရွာနေပြည်သူများအား အကြောက်တရားများ လွှမ်းမိုးစေရန်၊ ၎င်းတို့၏ အကြမ်းဖက်မှုလုပ်ရပ်များအပေါ် ပူးပေါင်းပါဝင်လာစေရန်နှင့် ပူးပေါင်းပါဝင်မှုမရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာနေပြည်သူများအား အကြောင်းအမျိုးမျိုးပြ၍ ရက်စက်စွာသတ်ဖြတ်၊ မီးရှို့ခြင်းများ ကျူးလွန်သည့်အပြင် ယခုကဲ့သို့ အသက်အရွယ်ကြီးရင့်၍ သွားလာ၍ ခက်ခဲသော လူကြီးမိဘများအား ရက်စက်စွာ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။