ကိုဗစ်-၁၉ ရောဂါဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက် နတ်ဆိုးတစ်ကောင်လေလား

 

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ကိုယ်ခံအားက ကျဆင်းသွားရပါတယ်။  ဒါဟာသဘာဝပါ။ ကိုယ်ခံအားမြင့်တက်နေရင် သန္ဓေသားအပေါ် ထိခိုက်မှုတွေရှိနိုင်တာကြောင့် သဘာဝအလျောက်ကို ကိုယ်ခံအားနည်းသွားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်ဆိုရင် အထူးသတိထားရပါတယ်။ အထူးသဖြင့်တော့ ကူးစက်တတ်တဲ့ ရောဂါတွေကူးစက်မခံရအောင် သတိပြုကာကွယ်ရတာပါ။ မကာကွယ်နိုင်ဘူးဆိုရင် ရောဂါကူးစက်မှုကြောင့်  ပြင်းထန်တဲ့ဝေဒနာနဲ့ ဆိုးဝါးတဲ့ အကျိုးဆက်ကို   ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်ပေါ်ခြင်းကလည်း အမျိုးသမီးတွေအနေနဲ့ ရောဂါတစ်ခုခု အလွယ်တကူကူးစက်ခံရနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်ကျယ်လာတာကြောင့် အဆုတ်အပေါ်သက်ရောက်မှုရှိပါတယ်။ နှလုံးနဲ့ သွေးကြောများ စနစ်ကလည်း ပြင်းပြင်း ထန်ထန် အလုပ်လုပ်ရပါတယ်။ ဒါကြောင့်အသက်ရှူမဝတာမျိုးတွေ၊ နှလုံးခုန်မြန်တာမျိုးတွေ ဖြစ်ရတာပါ။

ဒီလိုအခြေအနေမျိုးတွေဟာ ယနေ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို လက်ယပ်ခေါ် နေသလိုပါပဲ။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါဟာ သွေးကြောပိတ်မှုကိုလည်း ဖြစ်စေတတ် ပါတယ်။ ဒီလိုသွေးကြောပိတ်မှုဟာ သန္ဓေသားဆီကို အာဟာရတွေပေးပို့နေတဲ့ အချင်းအပေါ် ဆိုးကျိုးသက်ရောက်စေပြန်ပါတယ်။ ဒါကြောင့် ကူးစက်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါဆို တာကလည်း ကိုယ်ဝန်ဆောင်တွေအနေနဲ့ အထူးကိုသတိထား ကာကွယ်သင့်တဲ့ ရောဂါ ဖြစ်တယ်လို့ ပဏာမ ဆိုချင်ပါတယ်။ အခုတော့ ကိုဗစ်-၁၉ ရောဂါက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဘယ်လောက်အထိ အန္တရာယ်များတယ်ဆိုတာ ကျွမ်းကျင်ပညာရှင် တွေရဲ့ နောက်ထပ် သုတေသနတွေ ထွက်ပေါ်လာပါပြီ။ အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနက လုပ်တဲ့ သုတေသနတွေအရဆိုရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ လမစေ့တဲ့ ကလေးမွေးဖွားမှုနဲ့ကလေးအသေမွေးဖွားမှုနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ ဆိုးဝါးလှတဲ့ နောက်ဆက်တွဲ ဝေဒနာတွေကိုလည်း ဆက်တိုက်ခံစားရနိုင် ပါသေးတယ်။ သုတေသနတွေ အရဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ  ရောဂါလက္ခဏာ မပြတာကို တွေ့ရပါတယ်။

ဒါဟာ သိပ်ကိုကြောက်စရာကောင်းတဲ့တွေ့ရှိမှုပါ။ ဘာကြောင့်လဲဆိုရင် ရောဂါလက္ခဏာ မပြတဲ့ အတွက် တခြားသူတွေဆီကို ရောဂါအလွယ်တကူ ကူးစက်နိုင်စေတာကြောင့် ဖြစ်ပါတယ်။ ရောဂါလက္ခဏာပြတဲ့ ကိုယ်ဝန်ဆောင်တွေအနက် ၁၆ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိက အထူးကြပ်မတ်ကုသမှုခံယူရပါတယ်။ ၆ ရာခိုင်နှုန်းကနေ ၈ ဒသမ ၅ ရာခိုင်နှုန်းက အသက်ရှူစက်ကူရပါတယ်။ သုတေသနမှာပါတဲ့ ဆေးရုံတက် ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၇၀၃ ယောက်ထဲက သုံးယောက်သေဆုံးသွားပါတယ်။ သုတေသန တစ်ခုကတော့ ပြည်နယ် ၁၃ ခုမှာ ဆေးရုံတက်နေတဲ့ ကိုဗစ်-၁၉ လူနာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၅၉၈ ယောက်ကို မတ်လ ၁ ရက်ကနေ သြဂုတ်လ ၂၂ ရက်အထိလေ့လာတာပါ။ လေ့လာမှုမှာပါတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ အသက် ၃၀ တန်းတွေဖြစ်ပါတယ်။ ငါးယောက်မှာ တစ်ယောက်က နာတာရှည်ရောဂါ ရှိပါတယ်။   ရောဂါအများစုကတော့ ပန်းနာရင်ကျပ်နဲ့ သွေးတိုးရောဂါပါ။

ကိုယ်ဝန်ဆောင် ၅၉၈ ယောက်ထဲမှာမှ ၂၇၂ ယောက်သာ ရောဂါလက္ခဏာပြပါတယ်။ ကျန်တဲ့သူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံရောက်လာပြီး ကျန်းမာရေး စစ်ဆေးမှသာ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတယ် ဆိုတာ သိတာပါ။ ရောဂါလက္ခဏာပြသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနက် ၂၅ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာ မပြသူတွေအနက် ၈ ရာခိုင်နှုန်းက လမစေ့ဘဲ ကလေးမွေးဖွားတာဖြစ်ပြီး ကလေးအသေ မွေးဖွားမှုကတော့ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ နောက်ထပ်သုတေသနတစ်ခုမှာတော့ ဆေးရုံတက် ကိုဗစ်-၁၉ လူနာကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၅ ယောက်ပါဝင်ပါတယ်။ သူတို့ထဲမှာမှ လမစေ့ဘဲ ကလေးမွေးဖွားမှု ၁၅ ရာခိုင်နှုန်းနဲ့ ကလေး အသေမွေးဖွားမှုက ၃ ရာခိုင်နှုန်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သုတေသနတွေအရ အမေရိကန်တစ်နိုင်ငံလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် လမစေ့ဘဲက လေးမွေးဖွားမှုနှုန်း၁၀ ရာခိုင်နှုန်းသာရှိပါတယ်။ ကလေးအသေမွေးဖွားမှု နှုန်းကတော့ ကိုယ်ဝန်ဆောင်အယောက် ၁၆၀ မှာ တစ်ယောက်သာရှိတာပါ။ အခုသုတေသန မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လမစေ့ဘဲကလေးမွေးဖွားမှုနဲ့ ကလေးအသေမွေးဖွားမှု နှုန်းဟာ သိသိသာသာ မြင့်တက် လာတာကိုတွေ့ရပါတယ်။ အခုလိုတွေ့ရှိမှုဟာ ယခင် သုတေသနတွေနဲ့ သိပ်ကွဲပြားမှုမရှိပါဘူး။ ဒါပေမဲ့လည်း ကိုဗစ်-၁၉ ရောဂါဟာ  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဘယ်လောက်အထိ ပြင်းထန်ဆိုးဝါးတယ် ဆိုတာကို လူတွေပိုသိလာရပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့ အကြောင်းပြချက်တွေ အတွက်တော့ နောက်ထပ်သုတေသနတွေ ဆက်လုပ်ရဦးမှာပါ။ သေချာတာကတော့ ကိုဗစ်-၁၉ ရောဂါဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် တကယ့်ကိုနတ်ဆိုးတစ်ကောင် ဖြစ်တယ် ဆိုတာပါပဲ။

ဒီလိုနတ်ဆိုးကို ကိုယ့်ဆီမရောက်လာအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ဆိုတာတွေ ကိုလည်း ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါသေးတယ်။ အကောင်းဆုံးကတော့ ဘယ်မှမသွားဘဲ အိမ်မှာနေခြင်းပါပဲ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ကိုသွား လာရမယ်ဆိုရင် နှာခေါင်းစည်းတွေတပ်တာ၊ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေတာ၊ လူစုလူဝေးရှိတဲ့နေရာတွေကို ရှောင်ရှားတာမျိုးတွေ တင်းတင်းကျပ်ကျပ် လုပ်သင့်ပါတယ်။ ဒါမှသာ  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေနည်းမှာပါ။ အထူးသဖြင့်တော့ နဂိုရောဂါ အခံရှိသူတွေ၊ အဝလွန်သူတွေအနေနဲ့ ပိုပြီးဆင်ဆင်ခြင်ခြင် နေသင့်ပါတယ်။ အကောင်းဆုံးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအားလုံး ကိုဗစ်-၁၉ ရောဂါ လက္ခဏာပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကျန်းမာရေးစစ်ဆေးသင့်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့်လုပ်ငန်းခွင်ကို မဖြစ်မနေဝင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ရှိနိုင်ပါတယ်။ သူတို့ကိုတော့ အလုပ်ရှင်တွေက တခြားသူတွေထက်ပိုပြီးဂရုစိုက်သင့်ပါတယ်။

အဓိကအားဖြင့် မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဗိုင်းရပ်ကူးစက်နိုင်ခြေ များတဲ့ နေရာမျိုးမှာ အလုပ်လုပ်ခိုင်းတာမျိုးကို အလုပ်ရှင်တွေက ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာ ကိုဗစ်-၁၉  ရောဂါကူးစက်ခံရပြီဆိုရင် ကိုယ့်အသက် တစ်သက်တည်းတင်မကဘဲ လူမဖြစ်သေးတဲ့ သန္ဓေသားရဲ့အသက်ကိုပါထိခိုက်နိုင်တာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့  နတ်ဆိုးတစ်ကောင်ဖြစ်တဲ့ ကိုဗစ်-၁၉  ရောဂါမဖြစ်ရလေအောင် ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာပြီး ကျန်းမာရေးကိုအထူးဂရုစိုက်သင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

Ref: NY Times