အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၌ ပြင်းထန်မြင်းဦးနှောက်ရောင်ရောဂါကို တိုက်ဖျက်နေရ

 

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကို လပေါင်းများစွာကြာ လုပ်ဆောင်နေစဉ် ပြင်းထန်မြင်းဦးနှောက်ရောင် ရောဂါကိုလည်း တိုက်ဖျက်နေရကြောင်း သိရသည်။ မီချီဂန်ပြည်နယ်ရှိ စီရင်စု ၁၁ ခု၌ မြင်း ၂၈ ကောင်နှင့်လူတစ်ဦးသည် ထိုရောဂါကူးစက်ခံရသည်ဟု ယူဆပြီးနောက် ပြည်နယ်အနောက်ပိုင်းရှိ ရောဂါကူးစက်နိုင်ခြေများသော ဒေသများကို ညပိုင်းတွင် ဝေဟင်မှ ခြင်ဆေး ဖျန်းကြောင်း ပြည်နယ်ကျန်းမာရေးဌာနက စက်တင်ဘာ ၁၇ ရက်တွင်ပြောသည်။ အဆိုပါရောဂါသည် EEE ဗိုင်းရပ်ကို သယ်ဆောင်လာသည့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် မြင်းများတွင်သာ ဖြစ်ပွားလေ့ရှိကာ လူသို့ကူးစက်မှုရှားပါးသည်။ ထိုရောဂါကူးစက်ခံရသူများ အနက် ၃၀ ရာခိုင်နှုန်းသည် သေဆုံးနိုင်ပြီး နာတာရှည် အာရုံကြောထိခိုက်မှုဖြစ်ပွား လေ့ရှိသည်။ အမေရိကန်တစ်နိုင်ငံလုံး၌ စက်တင်ဘာ ၉ ရက်မှစ၍ ထိုရောဂါကူးစက်ခံရသူ ငါးဦးသာရှိကြောင်းနှင့် ထိုအထဲတွင် မီချီဂန်ပြည်နယ်မှ ကူးစက်ခံရသူမပါဝင်ကြောင်း သိရသည်။ တာဝန်ရှိသူများအနေဖြင့် ထိုရောဂါဖြစ်ပွားမှု မြင့်တက်နိုင်ခြေကို လျင်မြန်စွာ တုံ့ပြန်ရန် ကြိုးပမ်းနေပြီး ပြည်နယ်ရှိဒေသတစ်ဝန်းကို စက်တင်ဘာ ၁၆ ရက်ညပိုင်းတွင် လေယာဉ်များဖြင့်ပိုးသတ်ဆေးဖျန်းကြောင်းနှင့် ထိုပြည်နယ်သည် ၂၀၁၉ ခုနှစ်တွင် ဧက ငါးသိန်းကျော်ကို  ပိုးသတ်ဆေးဖျန်းထားကြောင်းသိရသည်။

Ref: The Straits Times