ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုက်သည့် တောင်ကိုရီးယားနှင့် သြစတြေးလျ

အင်ဒို-ပစိဖိတ်ဒေသ၌ ကြိုတင်မှန်းဆနိုင်ခြင်းမရှိသော   လုံခြုံရေး အခြေအနေ အပြောင်းအလဲများကို  ပြင်ဆင်နိုင်ရေးအတွက် တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့သည်  ၎င်းတို့ကြား  ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရန်  သဘောတူညီချက်တစ်ရပ်ကို မကြာမီက လက်မှတ် ရေးထိုးလိုက်သည်။

ကမ္ဘာ့နိုင်ငံအများအပြား၌ ကိုဗစ်-၉  ရောဂါကူးစက်ပျံ့နှံ့ပြီးချိန်မှစ၍   အကြိမ်အဖြစ် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က သြစတြေးလျနိုင်ငံသို့ ယခုလလယ်ပိုင်းတွင် လာရောက်လည်ပတ်စဉ် အဆိုပါ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။  နှစ်နိုင်ငံကြား  လက်မှတ်ရေးထိုးခဲ့သည့်    အမေရိကန်ဒေါ်လာ သန်း ၆၈၀ တန်ဖိုးရှိ သဘောတူညီချက်အရ သြစတြေးလျနိုင်ငံက တောင်ကိုရီးယားနိုင်ငံမှ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူမည်ဖြစ်သည်။

သြစတြေးလျနိုင်ငံက   ဝယ်ယူမည့်   ကာကွယ်ရေးပစ္စည်းများတွင် အမြောက်စနစ်များ၊  ထောက်ပံ့ရေးမော်တော်ယာဉ်များနှင့်ရေဒါများပါဝင်ပြီး ၎င်းတို့ကို တောင်ကိုရီးယား ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဟန်ဟွာက   သြစတြေးလျစစ်ဘက်အတွက် ထုတ်လုပ်ပေးမည်ဖြစ်သည်။ ယခုလက်မှတ်ရေးထိုးခဲ့သည့်   သဘောတူညီချက်သည် တောင်ကိုရီးယားနှင့် သြစတြေးလျနှစ်နိုင်ငံကြား   လက်မှတ်ရေးထိုးခဲ့သော  သဘောတူညီချက်များအနက် အကြီးဆုံး သဘောတူညီချက် ဖြစ်သည်။  

တောင်ကိုရီးယား-သြစတြေးလျ  ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက် သည်  သြစတြေးလျနှင့် အာရှအင်အားကြီး တရုတ်တို့ကြားတင်းမာမှုဖြစ်ပွားနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အကြောင်းမှာ   သြစတြေးလျနိုင်ငံက အမေရိကန်နှင့် ဗြိတိန်တို့၏ အကူအညီဖြင့် နျူကလီးယား စွမ်းအင်သုံး  ရေငုပ်သင်္ဘောများတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ယင်းအစီအစဉ်ကို တရုတ်နိုင်ငံက ပြစ်တင်ဝေဖန်ထားသောကြောင့်ဖြစ်သည်။

အဆိုပါ အစီအစဉ်သည်  ဒေသတွင်း  လက်နက်အပြိုင်တပ်ဆင်မှုကို ဖြစ်ပေါ်လာစေနိုင်သည်ဟု တရုတ်က တုံ့ပြန်ပြောဆိုခဲ့သည်။ ထိုအချိန်မှစ၍ သြစတြေးလျနှင့် တရုတ်တို့ကြား   အမြင်မကြည်ဖြစ်လာခဲ့ဖွယ်ရှိသည်။

တောင်ကိုရီးယားနိုင်ငံသည် သြစတြေးလျနိုင်ငံနှင့်  ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ခဲ့သော်လည်း  တရုတ်နှင့်သာမက အမေရိကန်နှင့်လည်း ဟန်ချက်ညီသည့်ဆက်ဆံရေးကို တည်ထောင်ထားနိုင်သည်။ သို့သော် ကိုရီးယားကျွန်းဆွယ်ရှိ အနောက်ပင်လယ်ဟု လူသိများသည့် ပင်

လယ်ဝါအတွင်းရှိ ကျွန်းများအနီး၌ တရုတ်ရေတပ်၏ စစ်ရေးလှုပ်ရှားမှုများ  မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ တောင်ကိုရီးယားက စိုးရိမ်မကင်း ဖြစ်လာခဲ့ပြီဖြစ်သည်။

ယခုလက်မှတ်ရေးထိုးခဲ့သည့်   တောင်ကိုရီးယား-သြစတြေးလျ   ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သည် တရုတ်ကို စိုးရိမ်မကင်းဖြစ်စေနိုင်သည့်အခြေအနေရှိသည်။

အကြောင်းမှာ  တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့သည် အမေရိကန်၏ မိတ်ဖက်နိုင်ငံများ ဖြစ်ပြီး ယင်းနိုင်ငံများကြား  ကာကွယ်ရေးအရ  ဆက်ဆံမှုများကောင်းမွန်လာခြင်းနှင့်   ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခြင်းသည်    တရုတ်ကမ်းရိုးတန်းများကို အမေရိကန်ကပိတ်ဆို့ရန်  ခြေလှမ်းလာခြင်း ဖြစ်သည်ဟု တရုတ်က ယူဆနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်ကာလတွင် ယင်းနှစ်နိုင်ငံကြား ကုန်သွယ်ရေးအရ ဆက်ဆံမှုသာမက ကာကွယ်ရေးအရဆက်ဆံမှုပါ ပိုမိုကောင်းမွန်လာမည့် အလားအလာရှိနေသည်။

အချုပ်အားဖြင့်ဆိုရပါမူ     တောင်ကိုရီးယားနှင့် သြစတြေးလျနိုင်ငံတို့သည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မသေချာ မရေရာမှုများကို ကာကွယ်တားဆီးနိုင်ရေးအတွက် နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားအနေဖြင့်    အင်အားကြီးနိုင်ငံများကြား ချိန်ခွင်လျှာညီမျှသည့် ဆက်ဆံရေးများကို တည်ထောင်ထားသော်လည်း ထွက်ပေါ်လာသော စိုးရိမ်မကင်းဖြစ်မှုများကို ဖယ်ရှားနိုင်ရေးအတွက်    ရယူနိုင်သည့်နည်းလမ်းများကို အသုံးပြုလုပ်ဆောင်သွားမည့် အလားအလာ ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      

Ref: Asahi, ST