အမေရိကန်တပ်များ ဆက်လက်ဖြန့်ကြက်ထားခြင်းကြောင့် နိုင်ငံအတွင်း တိုက်ခိုက်မှုများ မြင့်တက်လာစေနိုင်သည့် အီရတ်

အီရတ်နိုင်ငံ၌ အမေရိကန်တပ်များကို ဆက်လက်ဖြန့်ကြက်ထားမည်ဟု အမေရိကန်စစ်ဘက်က ယခုလအစောပိုင်းတွင် တရားဝင်ထုတ်ပြန်ပြီးနောက် ဘဂ္ဂဒက်မြို့တော် လုံခြုံရေးတင်းကျပ်ထားသည့် ဂရင်းဇုန်ရှိ  အမေရိကန်သံရုံးကို  အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က  ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သို့ရာတွင် ပစ်ခတ်လိုက်သည့် ဒုံးကျည်များအနက် တစ်စင်းမှာ ပစ်မှတ်ကိုလွဲချော်သွားပြီး  ကျန်တစ်စင်းကို  အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်က အောင်မြင်စွာ ကြားဖြတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကပြောသည်။    ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက   ဖြစ်ပွားသော  အဆိုပါ တိုက်ခိုက်မှုအတွင်း   အရပ်ဘက်သုံး  မော်တော်ယာဉ်နှစ်စီး  ပျက်စီးသွားသည်။

အဆိုပါ တိုက်ခိုက်မှုသည်  မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း ယခုအထိ   အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ သို့သော် ယင်းတိုက်ခိုက်မှုသည် အီရန်က ထောက်ခံထားသည့် ပြည်သူ့စစ်အဖွဲ့၏ လက်ချက်ဖြစ်နိုင်ကြောင်း အမေရိကန်စစ်ဘက်က ယူဆထားဖွယ်ရှိသည်။

အကြောင်းမှာ အီရန်က ထောက်ခံထားသည့် အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် အမေရိကန်တပ်များအား  အီရတ်မှ  ပြန်လည်ထွက်ခွာသွားစေရန်    တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အကယ်၍ အမေရိကန်တပ်များ ၎င်းတို့၏စစ်သည်အားလုံးကို အီရတ်မှ ပြန်လည်ရုပ်သိမ်းမည်ဆိုပါက  ယင်းနိုင်ငံအတွင်းရှိ  အမေရိကန်နှင့်   အီရတ်နိုင်ငံသားများအပေါ် ပြည်သူ့စစ်အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်မှုများ  ပိုမိုလုပ်ဆောင်လာဖွယ်ရှိကြောင်း အမေရိကန် အရှေ့အလယ်ပိုင်း တပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ကမ်းတက်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ဖရန့်မက္ကင်ဇီက ယခုလအစောပိုင်းကတည်းက     ကြိုတင်ပြောကြားထားသည်။

သို့ဖြစ်၍  အမေရိကန်စစ်ဘက်အနေဖြင့် ကြိုတင်မှန်းဆနိုင်ခြင်းမရှိသော အခြေအနေများကြောင့် စစ်သည် ၂၅၀၀ ခန့်ကို အီရတ်၌ ဆက်လက်ဖြန့်ကြက်ထားသည်။

အဆိုပါ အမေရိကန် တပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးနှင့်သက်ဆိုင်မှု မရှိသော တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း အမေရိကန်က ပြောကြားထားသော်လည်း လိုအပ်ပါက အီရတ်အစိုးရတပ်များ၏ IS စစ်သွေးကြွတိုက်ဖျက်ရေးတွင် လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် တခြားစစ်ရေးအကူအညီများ  ဆက်လက်ပေးအပ်မည့်အလားအလာရှိသည်။

ထို့ကြောင့် အမေရိကန်စစ်ဘက်၏ ဆုံးဖြတ်ချက်သည် အီရန်ကထောက်ခံထားသော ပြည်သူ့စစ်အဖွဲ့၏ လိုလားချက်နှင့် ဆန့်ကျင်လျက်ရှိသည်။   အကြောင်းမှာ ပြည်သူ့စစ်အဖွဲ့သည် အမေရိကန်တပ်များကို အီရတ်မှပြန်လည်ရုပ်သိမ်းရန် အလိုရှိနေပြီး နိုင်ငံအတွင်း ပြည်ပတပ်များ တပ်စွဲထားခြင်းကို နှစ်သက်ခြင်းမရှိပေ။ ထို့ပြင် ၎င်းတို့အား အမေရိကန်၏ ပြိုင်ဘက်ဖြစ်သည့်  အီရန်က  ထောက်ခံပေးထားခြင်းကြောင့် အခြေအနေမှာ ပိုမိုတင်းမာလာဖွယ်ရှိသည်။

ထို့ကြောင့် အီရတ်နိုင်ငံအတွင်း အမေရိကန်တပ်များ ဆက်လက်တပ်စွဲထားခြင်းသည်  ၎င်းတို့အပေါ်  ပစ်မှတ်ထားလုပ်ဆောင်သော တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာစေနိုင်သည့်အပြင် အီရတ်နိုင်ငံ အတွင်းရှိ အမေရိကန် စစ်သည်များ၏ လှုပ်ရှားမှုများကိုလည်း  အီရန်အပါအဝင် တခြားနိုင်ငံများက အနီးကပ်စောင့်ကြည့်နေမည့် အလားအလာရှိကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။ 

Ref: Foxnews