ဗြိတိန်ကယူကရိန်းသို့ စစ်သည်များစေလွှတ်နိုင်ခြေလုံးဝမရှိဟုဆို

အကယ်၍ ရုရှားကယူကရိန်းနိုင်ငံအနီးဝန်းကျင်တွင်  အခြေအနေများကို ပိုမိုတင်းမာအောင် လုပ်ဆောင်လာပါက ဗြိတိန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်သည်များ စေလွှတ်နိုင်ခြေ လုံးဝမရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့က ပြောသည်။

ယူကရိန်းနိုင်ငံသည် NATO အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် ရုရှားနိုင်ငံကို စိန်ခေါ်ရန် မည်သည့်နိုင်ငံကမျှ ယူကရိန်းနိုင်ငံသို့ စစ်သည်များ စေလွှတ်နိုင်ခြေမရှိခြင်း ဖြစ်ကြောင်း  ဘန်ဝေါလေ့ကပြောသည်ဟု Spectator မဂ္ဂဇင်းကဖော်ပြထားသည်။

ထို့ပြင်ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူများကို မလှည့်စားသင့်ကြောင်းနှင့် ယူကရိန်းပြည်သူများ အနေဖြင့်လည်း အဆိုပါအချက်ကိုသိရှိပြီး ဖြစ်ကြောင်း   ဘန်ဝေါလေ့က ဆက်ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရုရှားနှင့်ယူကရိန်းတို့ကြား   အခြေအနေများတင်းမာလာလျှင် ယူကရိန်းနိုင်ငံကို ကာကွယ်ရန် အမေရိကန်သာမက ဗြွှဥ တွင်လည်း မည်သည့် ကတိကဝတ်မျှမရှိကြောင်း ယခုလအစောပိုင်းတွင် ပြောထားသည်။

အလားတူ  ယူကရိန်းနိုင်ငံအနေဖြင့် NATO တပ်ဖွဲ့ဝင်နိုင်ငံ မဖြစ်သမျှကာလပတ်လုံး အခြားသော တပ်ဖွဲ့ဝင်နိုင်ငံများကဲ့သို့ တူညီသည့် လုံခြုံရေးအာမခံချက်ကို ရရှိနိုင်မည်မဟုတ်ကြောင်း   ထိုတပ်ဖွဲ့၏ အတွင်းရေးမှူးချုပ် ယန်းစတိုတန်ဘာ့က ပြောသည်။

NATO တပ်ဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံကမူ အကယ်၍ယူကရိန်းအရေး    တင်းမာမှုများ ဖြစ်လာပါက အနောက်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံကို နိုင်ငံရေးအရ  ဖယ်ကြဉ်နိုင်သော်လည်း ပြင်သစ်အနေဖြင့်  နောက်ထပ်စစ်အေး ကာလပုံစံသဘောထားကို  မကျင့်သုံးလိုကြောင်း ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီက ပြောသည်။

ထို့ကြောင့် ပြင်သစ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင်  သမ္မတအမ်မန်နျူယယ်မက်ခရွန်စတင်ခဲ့သည့် ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်း ဖလောရင့်ပါလီက ဆက်ပြောသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံကို  ကျူးကျော်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်  ပြင်ဆင်မှုများ လုပ်နေကြောင်း အနောက်နိုင်ငံများက  ပြောသော်လည်း ထိုအချက်ကို ရုရှားအစိုးရက ငြင်းဆိုကာ ၎င်းတို့အနေဖြင့်  မည်သည့်နိုင်ငံကိုမျှ ကျူးကျော်ရန်  အစီအစဉ်မရှိကြောင်း ပြောထားသည်။

အလားတူ   အနောက်နိုင်ငံများက ထောက်ပြထားသည့် ရုရှားတပ်ဖွဲ့များကို ရွှေ့ပြောင်းနေရာ ချထားမှုများသည် ရုရှားပိုင်နက်နယ်မြေအတွင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောသည်ဟု သိရသည်။

Ref: Sputnik