အိုမီခရွန်ကူးစက်မှုကို အဝတ်နှာခေါင်းစည်းများက မကာကွယ်နိုင်ဟုဆို

အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်လာချိန်တွင် လူအများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် အလွယ်တကူရရှိနိုင်ပြီး ပြန်လည်အသုံးပြုနိုင်သော ရောင်စုံ အဝတ်နှာခေါင်းစည်းများက   ထိုရောဂါပိုးကူးစက်မှုကို မကာကွယ်နိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

အဆိုပါ အဝတ်နှာခေါင်းစည်းများသည် အသုံးပြုထားသည့်  ပိတ်စအမျိုးအစားအပေါ် မူတည်၍ အမှန်တကယ်ကောင်း မွန်သော သို့မဟုတ် အမှန်တကယ်ဆိုးဝါးသော နှာခေါင်းစည်းများ ဖြစ်နိုင်ကြောင်း အောက်စဖို့တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည့် ထရစ်ရှဂရင်းဟားကပြောသည်။

အမျိုးစုံသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားသည့် နှစ်လွှာ သို့မဟုတ် သုံးလွှာနှာခေါင်းစည်း များသည် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးတွင် ကောင်းစွာ အသုံးပြုနိုင်သည့်  နှာခေါင်းစည်းများ ဖြစ်သော်လည်း အဝတ်နှာခေါင်းစည်းအများစုမှာ ထင်ပေါ်မှုကို ဦးစားပေးသည့် ရုပ်ဝတ္ထုပစ္စည်းများသာ ဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။

သို့သော် ကျန်းမာရေးစံချိန်စံညွှန်းအရကြည့်လျှင် အဝတ်နှာခေါင်းစည်းများသည် အသုံးပြုရန်  သင့်တော်သည့် အရာများ မဟုတ်ကြောင်းနှင့် အမှုန်ဝင်ရောက်မှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သည့် နှာခေါင်းစည်းများကသာ  ကျန်းမာရေးအတွက် အသုံးပြုရန်သင့်တော်ကြောင်း ပါမောက္ခ ထရစ်ရှဂရင်းဟားက ဆိုသည်။

သို့ရာတွင်  အမှုန်များကိုကောင်းစွာ စစ်ထုတ်ပေးနိုင်သည့် နှာခေါင်းစည်းများကို အသုံးပြုနေသည့်တိုင် ပါးစပ်နှင့်နှာခေါင်း ကိုလုံခြုံစွာ ဖုံးအုပ်ထားခြင်း မရှိပါက အကျိုးသက်ရောက်မှုရှိမည် မဟုတ်ကြောင်းနှင့် နှာခေါင်းစည်းတပ်ထားသည့်အခါ အသက်ကို လွယ်ကူစွာ ရှူနိုင်ရေးကလည်း အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။

လူအများစုမှာ  ပတ်ဝန်းကျင်အခြေအနေအရ သော်လည်းကောင်း၊ ငွေကြေးသုံးစွဲရမှုအရ သော်လည်းကောင်း ပြန်လည် လျှော်ဖွပ်နိုင်သည့် အဝတ်နှာခေါင်းစည်းများကို အသုံးပြုနေကြောင်းနှင့် အကယ်၍ အသုံးပြုသည့် အဝတ်နှာခေါင်းစည်းမှာ တစ်လွှာတည်းဖြစ်ပါက နှာခေါင်းစည်း မတပ်သည်နှင့် မခြားကြောင်း အွန်တာရီယို   သိပ္ပံအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာပီတာဂျူနီက     ပြောသည်ဟု သိရသည်။           

 Ref: Bloomberg