နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထား ပြုရသော အမျိုးသမီး အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ တာဝန်ရှိသူနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ စကားသံများ

နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထား ပြုရသော အမျိုးသမီး အရာရှိကောင်းများကို မွေးထုတ်ပေးလိုက်သည့် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ တာဝန်ရှိသူနှင့် သင်တန်းဆင်း ဗိုလ်လောင်းများ၏ စကားသံများ

ကမ္ဘာပေါ်၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တပ်မတော်များတွင်လည်း အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် များစွာ တိုးတက်လာပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။ မြန်မာနိုင်ငံ၌လည်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ဆောင်ရွက်နိုင်စေရန် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) မှ အမျိုးသမီး စစ်မှုထမ်း(အရာရှိ) များအား နှစ်စဉ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် အမှတ်စဉ်(၈)အထိ တိုင်ခဲ့ပြီဖြစ်သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် သင်တန်းဆင်းခဲ့သည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) ဗိုလ်လောင်းသင်တန်းမှ တာဝန်ရှိသူနှင့် ဗိုလ်လောင်းများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဗိုလ်မှူးနေလင်းဦး ဦးစီးအရာရှိ  (ဒုတိယတန်း)(ကြီးကြပ်/ညှိနှိုင်း)

    သင်တန်းသူတွေကို တစ်နေ့တာ ပို့ချမှုအပိုင်းကတော့ နံနက် ၅ နာရီ ၃၅ မိနစ်ကြံ့ခိုင်ရေး အချိန်ကစပြီး ညနေ ၄ နာရီ မိနစ် ၄ဝ ကြံ့ခိုင်ရေးအချိန်ထိ နေ့ပိုင်းလေ့ကျင့်ခန်းအချိန် ၁ဝ ကြိမ်နဲ့ ညပိုင်းစာကြည့်ချိန်က ည ၇ နာရီကနေ ၉ နာရီအထိဖြစ်ပါတယ်။  ည ၁ဝ နာရီကတော့ ညအိပ်ရာဝင်ချိန်ဖြစ်ပါတယ်။ သင်တန်းသူတွေ အနေနဲ့ သင်တန်းရဲ့ အစပိုင်းမှာ အရပ်သားဘဝကနေ   စတင်ကူးပြောင်း လာတာဖြစ်တဲ့ အတွက်  သင်တန်းက  သင်ကြားပေးတဲ့ လေ့ကျင့်ခန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖြစ်အောင် ခက်ခက်ခဲခဲ လိုက်လုပ်ရတဲ့ အခြေအနေတွေရှိပေမယ့်  နောက်ပိုင်းမှာတော့ လေ့ကျင့်သား ပြည့်ဝလာပြီး   သင်ခန်းစာ အချိန်ဇယားတွေအပေါ် စနစ်တကျခွဲဝေ အသုံးချလာနိုင်ပါတယ်။ ဒါ့ပြင် သင်တန်းက  ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း စနစ်တကျ လိုက်ပါ လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။  နည်းပြဆရာတွေရဲ့ သင်ကြားပြသမှု အပိုင်းမှာလည်း သင်တန်း သူတွေအနေနဲ့ စစ်စည်းကမ်း ကောင်းမွန်ပြီး အမိန့်နာခံမှု ရှိတဲ့အပြင် ပေးအပ်တဲ့ လုပ်ငန်း တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင် နိုင်တာတွေ့ရတဲ့အတွက် အားရကျေနပ်မှု ရှိပါတယ်။ ကျောင်းဆင်းအမျိုးသမီး အရာရှိတွေ အနေနဲ့    နိုင်ငံတော် ကာကွယ်ရေး တာဝန်တွေကို ကျရာနေရာကနေ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး တပ်မတော်ရဲ့ ဂုဏ်ကိုမြှင့်တင်နိုင်တဲ့ အမျိုးသမီး အရာရှိကောင်းတွေ ဖြစ်ကြလိမ့်မယ်လို့   မျှော်လင့်ပါတယ်။       

ဗိုလ်လောင်းမေသက်နွယ် (အကောင်းဆုံးဗိုလ်လောင်းဆု)

    ကျွန်မက   ဗိုလ်လောင်းအမှတ်(၄၇) ဗိုလ်လောင်း  မေသက်နွယ်ဖြစ်ပါတယ်။ ကျွန်မက  သင်တန်းမှာ  အကောင်းဆုံး ဗိုလ်လောင်းဆုကို ရရှိခဲ့ပါတယ်။ ဒီသင်တန်းကို   စတက်ကတည်းက   အရာရာကို အကောင်းဆုံးဖြစ်အောင်   ကြိုးစားခဲ့ပါတယ်။  ကျောင်းက  ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာခဲ့ပါတယ်။ သင်တန်းစတက်ကတည်းက အကောင်းဆုံး ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချပြီးမှ   သင်တန်းကို တက်ရောက်ခဲ့တာပါ။ သင်တန်းကို တက်ရောက်ဖြစ်တာက တပ်မတော်သားတွေကို လေးစားအားကျမိတယ်။ နိုင်ငံ့တာဝန်တွေကိုလည်း   ကျရာနေရာကနေ   ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ရောက်ဖြစ်ခဲ့တာပါ။ သင်တန်းမှာ အခြေခံစစ်ပညာ၊ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွေအပြင်   စိတ်ဓာတ်၊ စည်းကမ်းတွေကောင်းဖို့ သင်ကြားခဲ့ရပါတယ်။ ဘယ်အရာမဆို ခက်ခဲမှုတော့ ရှိပါတယ်။ မလုပ်နိုင်ဘူးဆိုတဲ့ အရာတွေက တကယ်တမ်း လုပ်ဆောင်တဲ့အခါမှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဘယ်လိုအခက်အခဲရှိရှိ စိတ်ဓာတ်ကိုကြံ့ခိုင်အောင် လုပ်ပြီး ဆောင်ရွက်ရင် အောင်မြင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလမှာတောင်  အခက်အခဲမရှိဘဲ စနစ်တကျနဲ့  သင်တန်းကို   အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်အမှတ်စဉ်တွေမှာလည်း လာတက်ဖို့ ညီမငယ်တွေ ကို ဖိတ်ခေါ်ပါတယ်။

 ဗိုလ်လောင်း အိမ့်မှူးသက်ချယ် (သေနတ်ပစ်အကောင်းဆုံးဆု)

    ကျွန်မက    ဗိုလ်လောင်းအမှတ်(၉၇) ဗိုလ်လောင်း အိမ့်မှူးသက်ချယ်ဖြစ်ပါတယ်။ဒီသင်တန်းမှာ သေနတ်ပစ် အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ နည်းပြတွေရဲ့   စနစ်တကျ လေ့ကျင့်သင်ကြားပေးမှု အောက်မှာ မှန်အောင်ပစ်၊ ပစ်လျှင်ထိရမည်၊ ထိအောင်လည်း လေ့ကျင့်ရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ  ကြိုးစားခဲ့တဲ့အတွက် ဆုရရှိခဲ့ တာပါ။  ကျွန်မအဖေက  တပ်မတော်မှာ  တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီး ဖြစ်ပါတယ်။ ကျွန်မက ဝိဇ္ဇာဘွဲ့(သဘင်)နဲ့ ဘွဲ့ရပြီး   အမျိုးသမီး ဗိုလ်လောင်းသင်တန်းကို  တက်ရောက်ခဲ့တာပါ။ အဖေကလည်း တပ်မတော်သား တစ်ဦးဖြစ်တဲ့အတွက်    ကျွန်မငယ်စဉ်ကတည်းက  တပ်မတော်သားတွေကို အားကျလေးစားခဲ့ရပါတယ်။ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁) ကနေ (၇)အထိ စီနီယာ အစ်မတွေကိုလည်း အားကျတယ်။ ပြီးတော့ တပ်မတော်မှာလည်း  အရာရှိကောင်းတစ်ဦး ဖြစ်ချင်တဲ့အတွက် ဒီသင်တန်းကို  တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းမှာ ခက်ခဲမယ်ဆိုတာကို  သိပါတယ်။ သင်တန်းမှာရှိတဲ့ နည်းပြတွေ၊ သင်တန်းသူ   သူငယ်ချင်းတွေရဲ့   ကူညီ ရိုင်းပင်းမှုတွေနဲ့ အကောင်းဆုံးကျော်ဖြတ် နိုင်ခဲ့ပါတယ်။   အခုသင်တန်း ပြီးသွားတဲ့ အချိန်မှာ တပ်မတော်ကနေ အားကိုးရတဲ့ စစ်သမီးကောင်းတစ်ယောက်၊    နိုင်ငံကို အကျိုးပြုနိုင်တဲ့     စစ်သမီးကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

ဗိုလ်လောင်းဆုပြည့်စုံလင်း (ကြံ့ခိုင်ရေးဆု)

    ကျွန်မက     ဗိုလ်လောင်းအမှတ်(၉) ဗိုလ်လောင်း ဆုပြည့်စုံလင်းဖြစ်ပါတယ်။ အခုဗိုလ်လောင်း သင်တန်းမှာ ကြံ့ခိုင်ရေးဆု ရရှိခဲ့ပါတယ်။   မောင်နှမသုံးယောက် ရှိပြီး  ကျွန်မကအကြီးဆုံးပါ။  ရခိုင်ပြည်နယ်   သံတွဲမြို့နယ်ကနေ   ဗိုလ်လောင်း သင်တန်းကို လာရောက်တက်ဖြစ်တာပါ။

ဗိုလ်လောင်းသင်တန်းကို   တက်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့    တပ်မတော်ကို အကျိုးပြုနေတဲ့  တပ်မတော်သားအားလုံးကို လေးစားဂုဏ်ယူ အားကျတယ်။ ပြီးရင် အမှတ်စဉ်(၁)ကနေ (၇) အထိ အစ်မတွေကို အားကျပြီး  သင်တန်း တက်ရောက်ဖြစ်တာပါ။   ဒီသင်တန်းကို  တက်မယ်ဆိုကတည်းက   ပင်ပန်းမယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ ဒါပေမဲ့  နည်းပြတွေက  ကြိုးစားပြီး သင်ကြားလေ့ကျင့်ပေးတဲ့ အတွက် အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီးတော့ အောင်မြင်မှုတစ်ခု ရရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။  ကြံ့ခိုင်ရေးဆုရရှိတဲ့အတွက် အရမ်းဝမ်းသာပီတိ ဖြစ်ပါတယ်။

သင်တန်းကာလ တစ်လျှောက်လုံးမှာ စည်းကမ်းက  ကျောရိုးဖြစ်တဲ့အတွက်  စည်းကမ်းကို တစ်သဝေမတိမ်း လိုက်နာပါတယ်။

ပြီးတော့ နည်းပြဆရာတွေရဲ့ သင်ကြားလေ့ကျင့်မှုကို အစဉ်အမြဲဂရုစိုက် နားထောင်ပြီးတော့   လိုက်နာကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။  နောက်တက်ရောက်မယ့် ညီမငယ် လေးတွေအနေနဲ့  ဒီသင်တန်းက  ပင်ပန်းဆင်းရဲပေမယ့် ကြိုးစားပြီး တက်ရောက်ကြ ပါလို့ပြောချင်ပါတယ်။

ဗိုလ်လောင်းပိုးဧကရီဆွေ (စစ်ရေးပြအကောင်းဆုံးဆု)

    ကျွန်မက   ဗိုလ်လောင်းအမှတ်(၁၄) ဗိုလ်လောင်းပိုးဧကရီဆွေဖြစ်ပါတယ်။ ကျွန်မက ဒီသင်တန်းမှာ စစ်ရေးပြ အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ အဖေက စစ်မှုထမ်းဖြစ်ပြီး အမေကတော့ မှီခိုပါ။ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ   ဗိုလ်လောင်းသင်တန်းကို လာရောက်တက်ဖြစ်တာပါ။   စစ်မှုထမ်းတစ်ယောက်ဖြစ်တဲ့ အဖေ့ကိုအားကျသလို   တပ်မတော်သား အားလုံးကိုလည်း အားကျတဲ့အတွက် တပ်မတော်သား ဘဝကို  ခံယူဖြစ်တာပါ။   ဒီဆုကိုရမယ်လို့  မရည်ရွယ်ထားပါဘူး။ နည်းပြဆရာတွေရဲ့သင်ကြားပြသမှုတွေကို စနစ်တကျကြိုးစားခဲ့လို့ ရရှိခဲ့တာဖြစ်တဲ့ အတွက် အရမ်းပျော်ပါတယ်။

သင်တန်းကိုရောက်ခါစက အရမ်းပင်ပန်းပါတယ်။ ကျွန်မတို့ အရင်ကနေတဲ့ အရပ်သားဘဝနဲ့တော့ မတူဘူး။   တပ်မတော်သားဘဝက    ခက်ခဲကြမ်းတမ်းပါတယ်။

အပြင်မှာတက်ရောက်ခဲ့တဲ့  သင်တန်းတွေနဲ့မတူဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းပါတယ်။  ဒီသင်တန်းက စိတ်ဓာတ်ကြံ့ခိုင်မှ တက်လို့ ရပါတယ်။ ဆရာတွေရဲ့သင်ကြားမှုက အဓိကပါပဲ။ နည်းပြဆရာတွေက စစ်ရေးပြ၊ လက်နက်သင်၊ ဗျူဟာ၊ ဦး၊ ရေး၊ ထောက် အကုန်လုံးကို    သေသေချာချာ သင်ကြားပြသပေးကြပါတယ်။ နိုင်ငံတော်အတွက် ဘယ်နေရာ၊   ဘယ်အခန်းကဏ္ဍကပဲ ဖြစ်ဖြစ် တစ်ထောင့်တစ်နေရာက ကိုယ်ကျရာတာဝန်ကို   အကောင်းဆုံးကြိုးစား ထမ်းဆောင်သွားပါမယ်။  အနာဂတ်မှာ  မိဘ အတွက်  တာဝန်ကျေပွန်တဲ့  သမီးတစ်ယောက်၊ နိုင်ငံတော်အတွက် တာဝန်ကျေပွန် တဲ့  နိုင်ငံသားတစ်ယောက်၊  တပ်မတော် အတွက်လည်း   တာဝန်ကျေပွန်တဲ့    တပ်မ တော်သား တစ်ယောက်ဖြစ်ချင်ပါတယ်။

ဗိုလ်လောင်းစိုးသူဇာဝင်း  (နာဂတိုင်းရင်းသူ)

    ကျွန်မက    ဗိုလ်လောင်းအမှတ်(၃၇) ဗိုလ်လောင်းစိုးသူဇာဝင်းဖြစ်ပါတယ်။ နာဂတိုင်းရင်းသူ တစ်ဦးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး    ခန္တီးမြို့မှာ  နေထိုင်ပါတယ်။ အဖေက စစ်မှုထမ်း တစ်ဦးပါ။ ကျွန်မသင်တန်း လာတက်တဲ့အချိန်မှာ   အဖေကအိမ်မှာမရှိပါဘူး။   ရှေ့တန်းထွက်နေတာပါ။ ကျွန်မက တပ်မတော်သား မိသားစုက မွေးဖွားလာတာဖြစ်တဲ့အပြင်      ဖခင်နဲ့အတူ   တပ်မတော်သား အားလုံးကိုလည်း လေးစားဂုဏ်ယူမိပါတယ်။ စီနီယာအစ်မတွေကိုလည်း လေးစား အားကျတဲ့အပြင် နိုင်ငံ့တာဝန်ကို  တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနိုင်အောင်  ဒီသင်တန်းကို တက်ရောက်ခဲ့တာပါ။ ဒီသင်တန်းကို တက်ရောက်ရင် သာမန်အမျိုးသမီး တစ်ယောက်အနေနဲ့ အခက်အခဲတွေ ရှိမယ်လို့ ကြိုတွေးမိပါတယ်။  တက်ရောက်တဲ့ အခါမှာလည်းအခက်အခဲတွေ ရှိခဲ့ပါတယ်။ နည်းပြဆရာတွေ၊ သင်တန်းသူ ညီအစ်မတွေရဲ့ အားပေးကူညီမှုတွေနဲ့   အောင်မြင်အောင် တက်ရောက်နိုင်ခဲ့ပါတယ်။ အခုသင်တန်းဆင်းပြီး တဲ့အခါမှာလည်း တာဝန်ကျရာနေရာကနေ နိုင်ငံ့တာဝန်တွေကို အကောင်းဆုံးကြိုးစား ထမ်းဆောင်သွားမှာပါ။ စည်းကမ်းကောင်း မွန်ပြီး   တာဝန်ကျေပွန်တဲ့သူ တစ်ယောက်ဖြစ်အောင်  အမြဲကြိုးပမ်းသွားမှာပါ။  ညီမငယ်တွေကိုလည်း အမျိုးသမီး ဗိုလ်သင်တန်းကျောင်းကို   တက်ရောက်ဖို့   ဖိတ်ခေါ်ပါတယ်။