အိန္ဒိယက ပရာလေးဒုံးကျည်ကို ပထမဆုံးအောင်မြင်စွာ စမ်းသပ်နိုင်

အိန္ဒိယက ပရာလေးဒုံးကျည်ကို ပထမဆုံးအောင်မြင်စွာ စမ်းသပ်နိုင်

အိန္ဒိယကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းက မြေပြင်မှမြေပြင်ပစ် ဒုံးကျည်အသစ် တစ်မျိုးဖြစ်တဲ့ ပရာလေးကို  အောင်မြင်စွာ စမ်းသပ်ပစ်ခတ်လိုက်နိုင်ကြောင်း ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီဒုံးကျည်ကိုစတင်စမ်းသပ် ပစ်ခတ်လိုက်ရာနေရာက အိုဒစ်ရှာ ကမ်းရိုးတန်းအလွန် ဒေါက်တာအဗ္ဗဒူကာလမ်ကျွန်း ပေါ်မှာဖြစ်တယ်လို့   ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစမ်းသပ်မှုမှာ ပရာလေးဒုံးကျည်က သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကို အလွန်တိကျစွာ စွမ်းဆောင်နိုင်တဲ့အပြင် သတ်မှတ်ပစ်မှတ်ဆီကို  ပဲ့ထိန်းဒုံးကျည် လမ်းကြောင်းအတိုင်း သွားနိုင်တာ တွေ့ရပါတယ်။

အဲဒီနောက်    ဒုံးကျည်ကကြိုတင် သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီ ရောက်ရှိပြီး လမ်းကြောင်းကို ထိန်းချုပ်နိုင်မှု၊ ပဲ့ထိန်းနိုင်မှုနဲ့   ဒုံးကျည်ရဲ့ ရှိရမယ့် သတ်မှတ်ချက်တွေကို ကောင်းစွာ လုပ်ဆောင်နိုင်ကြောင်း သက်သေ ပြနိုင်ထားပါတယ်။

ဒါ့အပြင် ဒုံးကျည်မှာပါဝင်တဲ့ တခြား စနစ်တွေကလည်း စမ်းသပ်မှု လုပ်ဆောင်သူတွေကို    ဘဝင်ကျစေတယ်လို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ဖြန့်ကြက်ချထားတဲ့ အာရုံခံကိရိယာတွေကလည်း ဒုံးကျည်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက်ကို အနီးကပ် လိုက်ပါစောင့်ကြည့်နိုင်ကာ   လုပ်ဆောင်မှုများအားလုံးကို   မှတ်တမ်းတင်နိုင်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

လောင်စာခဲအသုံးပြု ဒုံးကျည်မော်တာနဲ့ အဆင့်မြင့်နည်းပညာများကို ပေါင်းစပ် ထည့်သွင်းထားတာကြောင့်  ပရာလေး ဒုံးကျည်ကို ရွေ့လျားပစ်လွှတ်စင်ကနေလည်း ပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၁၅ဝ ကနေ ကီလိုမီတာ ၅ဝဝ  အထိရောက်ရှိ နိုင်ပါတယ်။

ဒုံးကျည်ရဲ့ပဲ့ထိန်းစနစ်မှာတော့ အဆင့် မြင့်လမ်းညွှန်စနစ်နဲ့ ဝေဟင်ပျံသန်းမှု ဆိုင်ရာ  အီလက်ထရွန်နစ် နည်းပညာတွေကို လည်း ပေါင်းစပ်ထည့်သွင်း ထားပါသေးတယ်။

ဒီလိုမျိုးနောက်ဆုံးပေါ် နည်းပညာတွေ ပေါင်းစပ်ပါဝင်ထားတဲ့ ဒုံးကျည်ဟာ တပ်မတော်အတွက် လိုအပ်တဲ့ တွန်းအားတစ်ရပ်ကို ပေးစွမ်းနိုင်စေမယ်လို့ ကာကွယ်ရေးသုတေသနနှင့်   ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဂျီဆပ်သီးရက်ဒီက ပြောပါတယ်။

အဲဒီအဖွဲ့အစည်းက   မကြာသေးခင်ကလည်း Agni-Pအမည်ရှိ မျိုးဆက်သစ် ဒုံးကျည်တစ်မျိုးကို ဒုတိယအကြိမ်စမ်းသပ် ပစ်ခတ်မှု လုပ်ဆောင်ထားနိုင်ပါတယ်။ ဒီဒုံး ကျည်ကတော့ သမားရိုးကျ ဒုံးကျည်မဟုတ်ဘဲ နျူကလီးယား ထိပ်ဖူးကိုပါ သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ပဲဖြစ်ပါတယ်။

ဒါကြောင့်  အိန္ဒိယနိုင်ငံဟာ  ပြီးခဲ့တဲ့ နှစ်တွေအတွင်း သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်းဆုံး အသုံးချပြီး ပီပီပြင်ပြင် လုပ်ဆောင်ကာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဒုံးကျည်တွေကို ပြည်တွင်းမှာ စိတ်တိုင်းကျ ထုတ်လုပ်နိုင်တဲ့ နိုင်ငံအဖြစ်ကို ရောက်ရှိလာပြီလို့ ဆိုချင်ပါတယ်။