အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဂုံးကျော်တံတားပေါ်တွင်  လုယက်မှု ဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိ

အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဂုံးကျော်တံတားပေါ်တွင်  လုယက်မှု ဖြစ်စဉ်မှ တရားခံများဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာလ ၂၄ 
    
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် ဇနီး ဒေါ်သူဇာအေး(၄၅)နှစ်၊ သားဖြစ်သူ မောင်မောင်သက်ခိုင်(၉)နှစ်တို့နှင့်အတူ ၎င်း၏ ရွှေဆိုင်မှ နေအိမ်သို့ပြန်လာခဲ့ရာ အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးတံတားပေါ် တံတားအလယ်သို့ ရောက်ရှိစဉ် အငှားယာဉ်၊ YGN-5F/7939 Probox အဖြူရောင်သည် လမ်းအား ပိတ်ရပ်၍ ၎င်းယာဉ်ပေါ်ရှိ အမျိုးသား ၅ ဦးမှ ဦးနှင်းငွေ ပိုင်ဆိုင်သည့် ရွှေထည် ပစ္စည်း စုစုပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ်ခန့်)အား လုယက်ယူဆောင်ကာ ၎င်းတို့ စီးနင်း လာသည့်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
    
အထက်ပါ လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သော တရားခံများအား ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်း ဘူတာအနီးရှိ “အာကာကျော်” ကားဘော်ဒီနှင့် ဆေးမှုတ်ရုံတွင် လုယက်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် Probox ယာဉ်နှင့် ယာဉ်ပေါ်မှ လက်ပစ်ဗုံး ၁ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ယာဉ်ပိုင်ရှင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ညပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၂)ရပ်ကွက်၊ အမှတ်(၉၁၃)၌ သန့်ဇင်ဦး(ခ) ဝတုတ်(၃၃)နှစ်နှင့် အေးအေးဟန်(ခ) သဲသဲ(၄၃)နှစ်တို့ ၂ ဦးအား ငွေကျပ် ၁၁ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၁၆၅ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံ ၄ ပြား၊ ရွှေဟန်းချိန်း ၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၄၆ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၁၅ ကွင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ သန့်ဇင်ဦး(ခ)ဝတုတ် ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မုဒိတာအိမ်ရာ(၂)၊ တိုက်(၂/အေ)၊ အခန်း(၃၅၁)၌ ဘောဂ(၂၉)နှစ် အား ငွေကျပ် ၉ သိန်း၊ ရွှေလက်စွပ်မျိုးစုံ ၉၇ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၁၄ ရံ၊ ရွှေဆွဲပြားမျိုးစုံ ၄၀ ပြား၊ ရွှေဟန်းချိန်း ၈ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၂၀ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၈ ကွင်းတို့နှင့် လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သော်ကလမ်း(ကျူး)၊ (၁)ရပ်ကွက်၌ သန်းမြင့်စိုး(ခ)စိုးလေး (၄၆)နှစ်၊ သင်းသင်းဝေ(၃၄)နှစ်၊ ခိုင်နှင်းဝေ(၂၁)နှစ်တို့ ၃ ဦးအား ငွေကျပ် ၁၃၅ သိန်း၊ ရွှေလက်စွပ် မျိုးစုံ ၂၀ ကွင်း၊ ရွှေဟန်းချိန်း ၂ ခု၊ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ်မျိုးစုံ ၄ ရံ၊ ရွှေကြယ်သီး ၂ ခု၊ Probox အငှားယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ သန်းမြင့်စိုး(ခ)စိုးလေး ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် မရမ်းကုန်း မြို့နယ်၊ ကြက်ခြံကွင်း(၁)ရပ်ကွက်၌ ဟိန်းဇော်ထွန်း(ခ)ကိုဟိန်း(၃၂)နှစ်အား လည်းကောင်း၊ ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် သမိုင်းမြို့သစ်ရပ်ကွက်၌ စည်သူဖြိုး(ခ)စည်သူထွေး (၂၅)နှစ်အား ငွေကျပ် ၉ သိန်း၊ ရွှေနားကပ်မျိုးစုံ ၃၀ ရံ၊ ရွှေလက်စွပ် ၁ ကွင်းတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဟိန်းဇော်ထွန်း(ခ)ကိုဟိန်း ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၃ ရက် နေ့လည်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၆၁၃)၊ တိုက်(A)၌ ဇင်ငြိမ်းအောင်(ခ)ဇင်ကိုဝင်း(၂၈)နှစ်နှင့် မိုးဇင်ဦး(ခ)မျိုးမင်းဦး(၃၁)နှစ်တို့ ၂ ဦးအား ရွှေနား ကပ်မျိုးစုံ ၂၅ ရံ၊ ရွှေလက်စွပ် ၁ ကွင်းနှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ ပြား တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၀ ဦးအား ငွေကျပ် ၁၆၄ သိန်း        ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ ရွှေဆွဲပြားမျိုးစုံ ၄၄ ပြား၊ ရွှေဟန်းချိန်း ၁၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး ၂ ခု၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ ပြား၊ အငှားယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
    
တရားခံများ၏ထွက်ဆိုချက်အရ သန့်ဇင်ဦး(ခ)ဝတုတ်နှင့် ဘောဂ တို့ ၂ ဦးသည် နိုဝင်ဘာလ တွင် ကျုံစင်းရွှေဆိုင်အား လမ်းမှဖြတ်၍ ဓားပြတိုက်ရန် တိုင်ပင်ခဲ့ပြီး ရွှေဆိုင်၏ အခြေအနေအား ကြိုတင်လေ့လာခဲ့ကြောင်း၊ ၎င်းနောက် သန့်ဇင်ဦး(ခ)ဝတုတ်မှ လူထပ် ခေါ်ရန် ဘောဂ အား စေခိုင်းခဲ့သဖြင့် စည်သူဖြိုး(ခ)စည်သူထွေး နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဇော်လင်း၊ နေဇော်၊ ကုလား၊ မှတ်ကြီး၊ ချိုဦး တို့အား ထပ်မံချိတ်ဆက် ခေါ်ယူကာ အင်းစိန်ခုံးကျော်တံတားပေါ်တွင် ကျုံစင်းရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ သယ်ယူ လာမည့်ယာဉ်အား လုယက်ရန် ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။
    
ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့်ယာဉ်အား လုယက်ရန် တာဝန်ခွဲဝေခဲ့ရာ သန့်ဇင်ဦး(ခ)ဝတုတ် မောင်းနှင်သည့်ယာဉ်သည် ၎င်းယာဉ်၏ ရှေ့မှ ပိတ်ဆို့ရပ်တန့်စေပြီး သန်းမြင့်စိုး(ခ)စိုးလေးနှင့် ဖမ်းဆီးရန်ကျန် ဇော်လင်းတို့ ၂ ဦး လိုက်ပါသည့်ယာဉ်သည် ရွှေများသယ်ဆောင်လာသည့် ဦးနှင်းငွေ မောင်းနှင်သောယာဉ်၏ နောက်မှလိုက်ပါစေကာ အခြေအနေ စောင့်ကြည့်ရန်နှင့် စည်သူဖြိုး(ခ) စည်သူထွေးနှင့် ဖမ်းဆီးရန်ကျန် မှတ်ကြီး၊ ချိုဦး တို့ ၃ ဦးသည် အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးကျော်တံတားအနီးရှိ  လမ်းဘယ်ဘက်ခြမ်းတွင် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် နေဇော် နှင့် ကုလား တို့ ၂ ဦးသည် လမ်းညာဘက်ခြမ်းတွင် လည်းကောင်း အသင့်ကြိုတင်စောင့်ဆိုင်းကာ ဗဟိုလမ်းဘက်သို့ ချိုးကွေ့သည့် တံတား အလယ်နေရာတွင် လုယက်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
    
ရွှေထည်ပစ္စည်းများအား ဓားပြတိုက်ရန် တာဝန်ခွဲဝေခဲ့ပြီးနောက် ဘောဂ သည် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၉ ရက်ထိ ရွှေဆိုင်၏ ဖွင့်ချိန်၊ ပိတ်ချိန်၊ ယာဉ်ဝင်/ထွက်ချိန်များအား စောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် ကျန်တရားခံများမှ ယခင်တာဝန်ခွဲဝေထားသည့် အတိုင်း ရွှေထည်ပစ္စည်းများအား လုယက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်ရရှိလာသည့် ရွှေထည် များအား သန့်ဇင်ဦး(ခ)ဝတုတ်၊ ဘောဂ၊ စည်သူဖြိုး(ခ)စည်သူထွေးနှင့် ဖမ်းဆီးရန်ကျန် နေဇော် တို့ ၄ ဦးမှ တစ်ဝက် ၊ သန်းမြင့်စိုး(ခ)စိုးလေး၊ ဖမ်းဆီးရန်ကျန် ဇော်လင်း၊ မှတ်ကြီး၊ ချိုဦး၊ ကုလား တို့ ၅ ဦးမှတစ်ဝက်စီ အသီးသီးခွဲဝေယူခဲ့ကြောင်း သိရှိရသည်။
    
တရားခံ ဘောဂ သည် ၎င်းရရှိသည့်  ရွှေထည်အချို့အား ရောင်းချခဲ့ရာ ငွေကျပ် ၁၀၅ သိန်းရရှိခဲ့ပြီး ငွေကျပ် ၄၀ သိန်းအား သန့်ဇင်ဦး(ခ)ဝတုတ်ထံ ပေးအပ်ခဲ့ကာ ကျန်ငွေ များအား ကိုယ်ရေးကိုယ်တာသုံးစွဲခဲ့ကြောင်း၊ သန်းမြင့်စိုး(ခ)စိုးလေး သည် ရွှေထည်အချို့ အား ရောင်းချခဲ့ရာ ငွေကျပ် ၁၆၀ သိန်းရရှိခဲ့ပြီး ကိုယ်ရေးကိုယ်တာ သုံးစွဲခဲ့ကြောင်းနှင့် စည်သူဖြိုး(ခ)စည်သူထွေးသည် ရွှေထည်အချို့အား ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ရွှေအရည်ကျိုရန်အတွက် ဟိန်းဇော်ထွန်း(ခ) ကိုဟိန်းနှင့် ဇင်ငြိမ်းအောင်(ခ)ဇင်ကိုဝင်း တို့အား  ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
    
ဖမ်းဆီးရမိ တရားခံများအနေဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သော နေရာ များတွင် ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ လုံခြုံရေးအရတပ်ဆင်ထား‌သော CCTV ကင်မရာများ၊ Control Box များအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ထားရှိမှုအပေါ် အခွင့်ကောင်းယူ၍ လုယက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ လုယက်မှု ကျူးလွန်ရာတွင် စိတ်ကြွရူးသွပ်ဆေးပြားများသုံးစွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ဖမ်းဆီးရန်ကျန်တရားခံများနှင့် တည်ငြိမ်းအေးချမ်းမှုကို မလိုလားသော PDF အမည်ခံ အကြမ်းဖက်သမားများ၏ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။