CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များအား ပစ်ခတ်

CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များအား ပစ်ခတ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄
    
CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ခရီးသွားပြည်သူများအား နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
    
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ထွက်ခွာလာသော ခရီးသည်တင် Express ယာဉ် ၄ စီးနှင့် ၁၂ ဘီး ကုန်တင်ယာဉ် ၁ စီးတို့အား သရက်ချောင်းမြို့နယ်၊ ပြင်ဖြူကြီးကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ မြိတ် - ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ်(၂၇)နေရာ၌ CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်လုပ်ဆွဲမိုင်းများဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၂ ဘီးကုန်တင် ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင် Express ယာဉ်များတွင် လက်နက်ငယ် ကျည်ထိမှန် ပျက်စီးခဲ့ကာ ခရီးသွားပြည်သူ အမျိုးသာ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ ပြည်သူများအား ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
    
ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာလျက်ရှိသည့် အများပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ စက်ဆုပ်ရွံရှာဖွယ် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်ခဲ့သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမား များအား ချေမှုန်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စေလွှတ်၍ ဆုတ်ခွာသွားသော အကြမ်းဖက်သမားများနောက်သို့ လိုက်လံချေမှုန်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ခရီးသွားပြည်သူများ အေးချမ်းစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေး  လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။