PDF အမည်ခံအကြမ်းဖက်သမားများက အများပြည်သူ အသက်အိုးအိမ်စည်းစိမ် သေကျေပျက်စီးစေရန်ရည်ရွယ်၍ ထောင်ထားသည့် မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်းဆည်း

PDF အမည်ခံအကြမ်းဖက်သမားများက အများပြည်သူ အသက်အိုးအိမ်စည်းစိမ် သေကျေပျက်စီးစေရန်ရည်ရွယ်၍ ထောင်ထားသည့် မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်းဆည်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၄
    
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH NUG အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်အတွက် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများအပါအဝင် စသည့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသဖြင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေစစ်ဆေးမှုများအား လုပ်ဆောင်လျက်ရှိသည်။
    
ထိုသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာအနီး၌ ဒေသန္တရလက်လုပ်မိုင်း ၇ လုံးနှင့် ပဲကြီးခင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ပဲကြီးခင်း)ကျောင်းရှေ့တို့၌ ဒေသန္တရလက်လုပ်မိုင်း ၃ လုံးတို့အား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများထိခိုက် သေကျေပျက်စီးစေရန်အတွက် မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ လူနေထိုင်ခြင်းမရှိိသော နေအိမ်များနှင့် တဲများအတွင်းမှ ဒေသန္တရလက်လုပ်မိုင်း မျိုးစုံ ၃၀ လုံး၊ ယမ်းမှုန့် ၃ ထုပ်၊ သံတိုသံစများထည့်ထားသည့် စာလာအိတ်များ၊ ကီးပတ်ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
    
အလားတူ နွားထိုးကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သတင်းအရ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ပတ်ကူကျေးရွာအနီး ယာဉ်မောင်း ဝေဖြိုးအောင် (ဘ)ဦးသိန်းစိုး မောင်းနှင်လာသည့်  Hino Dina အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေစစ်ဆေး ချက်အရ ဆက်စပ်တရားခံများအား လက်ပစ်ဗုံးမျိုးစုံ ၄၅ လုံး၊ AK- 47 ကျည်ဆံ ၁၅၀၀ တောင့်၊ ၎င်းကျည်အိမ် ၁၂ ခု၊ လျှပ်စစ်ဒီတိုနေတာ ၅၀ ခု၊ WY စာတမ်းပါမူးယစ်ဆေးဝါး ၃၀၀ ပြား အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
အထက်ပါဖြစ်စဉ်များတွင် အများပြည်သူများအား ထိခိုက်နစ်နာသေကျေပျက်စီးစေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ဆောင်ရွက်ခဲ့သူများနှင့် ဆက်စပ်တရား ခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။