မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး

 

မူးယစ်ဆေးဝါးဟု အသံကြားလိုက်သည်နှင့် ပြည်သူတစ်ရပ်လုံး၏ရင်ထဲမှာ အော့နှလုံး နာစရာဖြစ်သည်။ မိမိတို့၏ သားသမီးများ၊ ဆွေမျိုးများ မူးယစ်ဆေးဝါးကြောင့် သေကွဲကွဲရခြင်း၊ ရှင်ကွဲကွဲရခြင်းများရှိနေသည်။ မူးယစ်ဆေးဝါးသုံးစွဲလွန်၍ သေဆုံးရသူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မိ၍ တရားဥပဒေအရ ကျခံနေသူများသည် မိမိတို့ချစ်ရသူများနှင့် သေကွဲ၊ ရှင်ကွဲကွဲ ရခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသည် ရိုးသားသောပြည်သူများအတွက် နာကြည်းဖွယ်ရာဖြစ် သော်လည်း တောတွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့်မူ မူးယစ်ဆေးဝါး သည် သူတို့အတွက် ငွေပဒေသာပင်ကြီးဟုထင်မှတ်နေကြပေမည်။

အတိတ်သမိုင်းကိုပြန်ကြည့်လျှင် ၁၉၄၉ ခုနှစ်သည် ပြည်တွင်းသောင်းကျန်းမှု အထွတ်အထိပ်သို့ ရောက်ရှိသောနှစ်ဖြစ်သည်။ တိုင်းပြည်၏ နယ်မြေ ၇၅ ရာခိုင်နှုန်းသည် ပြည်တွင်းရောင်စုံ သောင်းကျန်းသူအသီးသီး၏ လက်ဝယ်ရောက်ရှိနေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် သောင်းကျန်းမှုနှိမ်နင်းရန် အရေးတကြီးလိုအပ်သည့် လက်နက်ခဲယမ်းများဝယ်ယူသော်လည်း အနောက်အုပ်စုက ရောင်းချကူညီပေးခြင်းမရှိခဲ့ပေ။ သို့သော်တပ်မတော်သည် ပြည်သူနှင့် လက်တွဲကာ လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် အသာစီးရခဲ့သည်။

သောင်းကျန်းမှုမီးငြိမ်းလုဆဲဆဲ ၁၉၅၀  ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်ဒေသများတွင်  ပြည်ပကျူးကျော်မှုကိုခံခဲ့ရပြန်သည်။  ကူမင်တန် တရုတ်ဖြူ တပ်များ မြန်မာ့မြေသို့ဝင်ရောက်တပ်စွဲလာသည်။ အနောက်အင်အားကြီးနိုင်ငံတစ်နိုင်ငံက အဆိုပါ ကူမင်တန်တရုတ်ဖြူများကိုအားပေးခဲ့သည်။ ဘိန်းထုတ်လုပ်နိုင်ရန်ကူညီသည့်အပြင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ လက်နက်အမြောက်အမြားဝယ်ယူနိုင်ရန် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှရသော အမြတ်အစွန်းမှငွေကြေးထောက်ပံ့ခဲ့သည်။ ထို့ကြောင့် ယခု ကြုံတွေ့နေရသည့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတွင် မူးယစ်ဆေးဝါးကို ရင်ဆိုင်နေကြရ ခြင်းဖြစ်သည်။ တပ်မတော်သည် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကို အစဉ်တစိုက်လုပ် ဆောင်လျက်ရှိသည်။ ပထမဆုံးဘိန်းစစ်ဆင်ရေးမှာ ပန်ပိစစ်ဆင်ရေးဖြစ်သည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၆ ရက်ထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားသည်။ တပ်မတော်မှ ရဟတ် ယာဉ်များသုံး၍ တိုက်ခဲ့ရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တောင်ဘက် ပန်ပိရွာ အနီးတွင် ပြည်တွင်းသောင်းကျန်းသူ SURA (မိုးဟိန်း)အဖွဲ့နှင့်  ကူမင်တန်တရုတ်ဖြူတို့ကို   တိုက်ထုတ်ရခြင်းဖြစ်သည်။   တပ်မတော်သမိုင်းတွင်   အကြီးမားဆုံးဘိန်းစစ်ဆင်ရေးမှာ မိုးဟိန်းစစ်ဆင်ရေးအဆင့်(၁)မှအဆင့်(၁၂)အထိဖြစ်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် အရှေ့ မြောက်ပိုင်းတွင် ၁၉၇၆ ခုနှစ် ဧပြီ ၂၆ ရက်မှ ၁၉၈၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့အထိကြာမြင့်သည်။ အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း အမြစ်မပြတ်နိုင်ဘဲ ရှိနေသည်။   ယနေ့ကာလတွင်လည်း    မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ဆောင်နေရဆဲဖြစ်သည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ကြိုးပမ်းမှုကြောင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)နယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတန်ဖိုးမှာ ငွေကျပ် ၄၉၅ ဒသမ ၅၀ ဘီလီယံခန့်  (အမေရိကန် ဒေါ်လာ  သန်းပေါင်း ၃၃၀ ဒသမ ၃၃ သန်းခန့်) ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိမှု တန်ဖိုးမှာ ၈၈ ဒသမ ၁၆ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၈ ဒသမ ၇၆ သန်းခန့်) ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်မ တော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားရာတွင် “အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးဆိုသည်မှာ မိမိတိုင်းပြည်ကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ဆောင်ချက်မှန်သမျှကို ဆိုလိုခြင်းပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းသည်လည်း မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် မိမိနိုင်ငံကို ကောင်းအောင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပြင်းပြသောစိတ်ဆန္ဒဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာပြီး နိုင်ငံတော်နှင့်ပြည်သူ၏ အစိတ် အပိုင်းဖြစ်သဖြင့် မည်သည့်အခက်အခဲမျိုးကိုမဆို ပြည်သူ နှင့်လက်တွဲပြီး  အေးအတူ၊ ပူအမျှ မျှဝေခံစားကာ ကြံ့ကြံ့ခိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း”ထည့်သွင်း ပြောကြားသည်။

နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုအောင်မြင်မှုရရှိနေသည်။ ထို့ထက် ပိုမို၍ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးသည် အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေးအဖြစ်ခံယူ လျက် ပြည်သူတစ်ရပ်လုံးက ပိုမို ပူးပေါင်းတိုက်ဖျက်ကြပါရန်ရေးသားလိုက်ရပေသည်။