အာရှနိုင်ငံတချို့၌ ဆက်လက်ဖွံ့ဖြိုး တိုးတက်လာမည့် e-payment နည်းပညာ

ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲတစ်ခုဖြစ်သည့်   အိုမီခရွန်ကူးစက်မှု ဆက်လက်ဖြစ်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်    ပြင်ဆင်မှုများ လုပ်ဆောင်လာကြပြီ ဖြစ်သည်။   ထို့ကြောင့် တချို့နိုင်ငံများအနေဖြင့်  ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် တိုးတက်လာသည့်  ဘဏ္ဍာရေး နည်းပညာအပေါ်   ပိုမိုအမှီသဟဲပြုလာမည့်   အလားအလာရှိသည်။

အထူးသဖြင့်   နည်းပညာဖွံ့ဖြိုးတိုးတက်သည့် အာရှနိုင်ငံများ၌ e-payment စနစ်များ ပိုမိုအသုံးပြုလာမည့် အခြေအနေရှိနေသည်။

ထိုင်းနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် e-payment စနစ်များသည် ၂၀၂၀ ပြည့်နှစ်  အစောပိုင်းမှစ၍    နိုင်ငံအတွင်းသို့ ကူးစက်ပျံ့နှံ့ခဲ့သည့်    ကိုဗစ်-၁၉ ရောဂါဝင်ရောက်လာချိန်တွင်   ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။  ရောဂါကူးစက်မှုကြောင့် ပြည်သူများအား   အကူအညီပေးအပ်ရန်   လိုအပ်လာပြီး     ရောဂါကူးစက်ခြင်းမှ ရှောင်ရှားနိုင်ရန် အစိုးရက တင်းကျပ်သည့်စည်းမျဉ်းများ ချမှတ်ခဲ့ရသည်။   ထိုကာလအတွင်း အစိုးရအနေဖြင့်  PromptPay  ကဲ့သို့သော e-payment အစီအစဉ်များကို ဖော်ဆောင်ခြင်းအားဖြင့် လူမှုကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို  လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် အစိုးရအနေဖြင့် အကူအညီလိုအပ်နေသည့် ထိုင်းပြည်သူများအတွက် e-wallet  Application       များဖြစ်သည့်  Rao  Chana  နှင့်   Mor 33  Roa Rak တို့မှတစ်ဆင့် လစဉ် အကူအညီများ ပေးနိုင်ခဲ့သည်။

ထို့ပြင်   e-payment Application တစ်ခုဖြစ်သည့်  Pao Tang မှတစ်ဆင့် ငွေပေးချေ၍    ကုန်ပစ္စည်း ဝယ်ယူမှုများ လုပ်ဆောင်သည့်    ထိုင်းပြည်သူများ၏ ကုန်ကျငွေတစ်စိတ်တစ်ပိုင်းကို အစိုးရက ပေးဆောင်မည့်   Co-Pay အစီအစဉ် တစ်ရပ်ကိုလည်း   အကောင်အထည်ဖော်ဆောင်ခဲ့သည်။

ထိုင်းပြည်သူများကြား Prompt Pay မှ   တစ်ဆင့် ငွေကြေးလွှဲပြောင်းမှု လုပ်ဆောင်ရာတွင်   ကိုဗစ်-၁၉  ရောဂါမဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက   မြင့်တက်လာခဲ့သည့်အပြင် ၂၀၁၉ ခုနှစ်က e-payment အသုံးပြုသူ ၇ သန်းသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင်  ၁၄  ဒသမ  ၅  သန်းအထိ မြင့်တက်လာခဲ့သည်။   ရောဂါကူးစက်မှု ဖြစ်ပွားစဉ်ကာလအတွင်း  နေ့စဉ် ငွေလွှဲပြောင်းမှုအကြိမ်မှာလည်း ၂၈ သန်းခန့် အထိရှိလာခဲ့သည်ဟု    ထိုင်းဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ     သီရိဒီတာပါနွန်ဝမ်နာအယုဒယက ပြောကြားခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာပြီး နောက်ပိုင်းတွင်   ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် အသုံးပြုမှုသည် ရောဂါမဖြစ်ပွားမီ ကာလနှင့် နှိုင်းယှဉ်ပါက လေးဆခန့်မြင့်တက်လာခဲ့သည်ဟု ထိုင်းဗဟိုဘဏ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ထားသည်။

အလားတူပင် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့်  ကမ္ဘောဒီးယားနိုင်ငံအတွင်း   e-payment  စနစ်အသုံးပြုမှုသည် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားစဉ် ကာလအတွင်း   ထူးထူးခြားခြား တိုးတက်လာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည်    အာရှဒေသရှိ  နိုင်ငံအများအပြား၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေခဲ့ပြီး   ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း   ရရှိခဲ့သည့်   ဖွံ့ဖြိုးတိုးတက်မှုများကိုပါ လျော့ပါးစေခဲ့သည်။ သို့သော် ကမ္ဘောဒီးယား အစိုးရသည် နိုင်ငံအတွင်း ရောဂါကူးစက်မှု ဖြစ်ပွားနေစဉ်    ၎င်းတို့၏ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်မှု အခွင့်အလမ်းကို  အမိအရ အသုံးချနိုင်ခဲ့သည်။  ရောဂါကူးစက်မှု  ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခဲ့သည့်အပြင်  ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ကုန်တိုက်ကြီးများကိုပါ ပိတ်ပစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှုအများအပြားမှာ  အွန်လိုင်း ရောင်းဝယ်ရေးကို   အဓိကထား အသုံးပြုလာခဲ့ရသည်။ ထိုသို့သော အကြောင်းရင်းများကြောင့်  ပြည်သူများ၏  ဒစ်ဂျစ်တယ်နည်းပညာနှင့်    e-payment  စနစ်အသုံးပြုမှုမှာလည်း ယခင်ကထက် များစွာ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် အစိုးရ၏ ဆောင်ရွက်ချက်ကို အထောက်အကူပြုစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအား e-wallet များနှင့် အီလက်ထရွန်နစ်ငွေပေးချေမှု Application များကို အသုံးပြုကြရန် ထိုင်းဗဟိုဘဏ်က ၂၀၂၀ ပြည့်နှစ် မေလအတွင်း တောင်းဆိုလာခဲ့သည်။

ထို့ပြင် ကမ္ဘောဒီးယားဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ငွေသားကိုင်ဆောင် အသုံးပြုခြင်းထက်  ငွေသားမဲ့ပေးချေမှု ပိုမိုလုပ်ဆောင် လာစေရေး ဆွဲဆောင်မှုများ ပြုလုပ်ကြရန် အဓိကဘဏ်ကြီးများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို   တိုက်တွန်းခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ဖြစ်ပွားသည့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်နှင့် e-payment နည်းပညာတိုးတက်စေရေးကို အားပေးအားမြှောက်ပြုရန်အတွက်  ဖြစ်သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်းမှာပင်   ကမ္ဘောဒီးယားပြည်သူများသည်  e-payment စနစ်ကို  အသုံးပြု၍    ငွေလွှဲပြောင်းမှုနှင့်  ငွေပေးချေမှုလုပ်ဆောင်သည့်  အကြိမ်အရေအတွက်သည် ၁ ဒသမ ၄ သန်းအထိ မြင့်တက်လာသည့်အပြင် ၎င်းတို့လွှဲပြောင်းပေးအပ်သော ငွေပမာဏမှာလည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်အထိ  မြင့်တက်လာသောကြောင့် ကမ္ဘာ့နိုင်ငံများသို့ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်လာချိန်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ရာ၌ အာရှဒေသရှိ နိုင်ငံတချို့၏ e-payment နည်းပညာကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးမှုများ ဆက်လက် ဖြစ်ပေါ်လာမည့် အလားအလာရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: Businessinsider, asiamoney