ကမ္ဘာ့စီးပွားရေးက ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃၁၅ ထရီလီယံကိုကျော်လွန်မည်

ကမ္ဘာ့စီးပွားရေးသည် ပထမဆုံးအကြိမ်  ခန့်မှန်းထားသည်ထက်နှစ်နှစ်စော၍ ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ  ၁၃၅ ထရီလီယံကို ကျော်လွန်မည် ဖြစ်ကြောင်း ဘောဂဗေဒနှင့် စီးပွားရေး သုတေသနဌာန (CEBR) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေသည့် ငွေကြေးဖောင်းပွမှုက ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း ကပ်ရောဂါမှ ပြန်လည်နိုးထလာသည့်    စဉ်ဆက်မပြတ်စီးပွားရေး လုပ်ဆောင်မှုကြောင့် တစ်ကမ္ဘာလုံး ဆိုင်ရာ အသားတင်    ကုန်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်လာနိုင်မည်ဖြစ်သည်။

သို့သော် ငွေကြေးဖောင်းပွမှုကြောင့် မူဝါဒချမှတ်သူများအနေဖြင့် ၎င်းတို့နိုင်ငံ၏ စီးပွားရေး အခြေအနေများကို စီးပွားပျက်ကပ်မှရှောင်ရှားနိုင်ရန်   ခက်ခဲစေမည်ဖြစ်ကြောင်း လန်ဒန်မြို့အခြေစိုက် အဆိုပါ သုတေသနဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အလွန်ကာလများအတွက် အရေးကြီးဆုံးသောအကြောင်းအရာမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ များအနေဖြင့် ငွေကြေးဖောင်းပွမှုကို မည်သို့ကိုင်တွယ်မည် ဟူသော အချက်ဖြစ်ကြောင်း သုတေသနဌာနမှဒုတိယဥက္ကဋ္ဌ ဒေါက်ဂလပ် မက်ဝီလီယံကပြောသည်။

တော်သင့်ရုံမျှဖြစ်သော ချိန်ညှိမှုများသည် ခဏတာမျှမဟုတ်ဘဲရေရှည်အတွက် ဖြစ်ပါက    စီးပွားရေး တိုးတက်မည်ဟု မျှော်မှန်းရပြီး ထိုသို့မဟုတ်ပါက ကမ္ဘာကြီးသည် ၂၀၂၃ ခုနှစ် သို့မဟုတ် ၂၀၂၄ ခုနှစ်တွင် စီးပွားပျက်ကပ်နှင့် ထပ်မံရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင်  ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဟူသောဂုဏ်ပုဒ်ကို အမေရိကန်နိုင်ငံထံမှ လွှဲပြောင်းရယူနိုင်ဖွယ်ရှိကြောင်း ထိုအဖွဲ့က ခန့်မှန်းထားသည်။

အလားတူ အိန္ဒိယနိုင်ငံသည် ဆဋ္ဌမမြောက် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ဟူသည့်နေရာကို လာမည့်နှစ်တွင် ပြင်သစ် နိုင်ငံထံမှရယူမည်ဖြစ်ကာ ၂၀၃၁ ခုနှစ် အရောက်တွင် တတိယမြောက်စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာနိုင်ကြောင်း ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု သိရသည်။         

 Ref: TST