ရိုနာဗိုင်းရပ်က လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီးနောက် လပေါင်းများစွာကြာတည်ရှိနိုင်

ကိုရိုနာဗိုင်းရပ်လို့   ဆိုလိုက်တာနဲ့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့၊ ချစ်ခင်ရသူတွေကို သေကွဲကွဲစေတဲ့၊ လူမှုဘဝအရာရာ ကိုနိမ့်ကျသွားစေတဲ့ မကောင်းဆိုးဝါးကြီး တစ်ကောင်လို့ လူတိုင်းသိရှိပြီးလောက်ပါပြီ။

ဒါပေမဲ့ လူတိုင်းမသိသေးတာက သူ့ရဲ့သက်ရောက်မှုအပြည့်အစုံပါပဲ။ အခုအချိန်အထိလည်း   သုတေသီတွေက  လေ့လာမှုတွေကို   ဆက်တိုက်ဆိုသလိုပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့လည်း   သုတေသီတွေရဲ့ ထုတ်ပြန်ချက်တစ်ခု ထွက်လာတိုင်း စာဖတ်သူတွေ ဗဟုသုတတိုးပွားစေဖို့ရာ ရည်ရွယ်ပြီး   စဉ်ဆက်မပြတ်ဖော်ပြပေးခဲ့တာပါ။

အခုတစ်ကြိမ်မှာတော့ သုတေသီတွေရဲ့တွေ့ရှိချက်က ယခင်တွေ့ရှိချက်တွေထက်ပိုပြီး စိုးရိမ်စရာကောင်းတာကို တွေ့ရတာကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုပါတယ်။

ပညာရပ်စကားနဲ့ပြောမယ်ဆိုရင်  Sars-CoV-2 ဗိုင်းရပ်လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်ဟာ လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့်ဝင်ရောက်ပြီး   ရက်ပိုင်းအတွင်းမှာပဲ နှလုံးနဲ့ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးနီးပါးဆီကို ပျံ့နှံ့သွားတဲ့အပြင် အဲဒီနေရာတွေမှာ လပေါင်းများစွာကြာ တည်ရှိနေနိုင်တယ်လို့  သုတေသနတစ်ခုက  ဖော်ပြထားပါတယ်။

အခုလိုမျိုးတွေ့ရှိမှုဟာ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး တွေ့ရှိမှုတွေထဲက ပြည့်စုံကျယ်ပြန့်တဲ့ သုတေသနပြု လေ့လာမှုတစ်ခု ဖြစ်တယ်လို့  အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေး   အဖွဲ့အစည်းမှ သုတေသီသိပ္ပံပညာရှင်များက    ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်ဟာ လူသားတွေရဲ့   အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကလာပ်စည်းတွေကိုသာမက သူရောက်ရှိရာ နေရာတိုင်းရှိ ကလာပ်စည်းမှန်သမျှကို ပုံတူပွားနိုင်စွမ်း ရှိတယ်လို့လည်း သုတေသီတွေက တွေ့ရှိထားပါတယ်။

အခုလိုမျိုးတွေ့ရှိမှုဟာ   နာတာရှည်ကိုဗစ်လူနာတွေလို့ ဆိုနိုင်တဲ့ သူတွေဆီမှာ ဘယ်အတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ဆက်ရှိနေရတာလဲ ဆိုတာရဲ့ အဖြေကိုဖော်ထုတ်နိုင်ခြင်းလည်းဖြစ်ပါတယ်။

ဒီလိုမျိုးဖော်ထုတ်နိုင်တဲ့ အတွက်လည်း ခန္ဓာကိုယ်ကဗိုင်းရပ်တွေကို တိုက်ထုတ်မှုနဲ့အတူ   ခန္ဓာကိုယ် အတွင်းမှာ ဗိုင်းရပ်ဆက်လက်တည်ရှိနေရခြင်း အကြောင်းကို ပိုမိုနားလည်လာကာ ကိုဗစ်-၁၉ ရောဂါကြောင့်   ဆင်းရဲဒုက္ခခံစားနေရသူတွေကို    ပြုစုစောင့်ရှောက်ပေးရာမှာလည်း နည်းလမ်းကောင်းတွေကို     တွေ့ရှိနိုင်ပါတယ်။

ဒါကြောင့် အခုတွေ့ရှိချက်ဟာ တကယ့်ကို အရေးကြီးတဲ့ အလုပ်ဖြစ်တယ်လို့ မစ်ဆူရီပြည်နယ်ရှိ စစ်မှုထမ်းဟောင်းများ ကျန်းမာရေး စောင့်ရှောက်မှုဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့  ဒေါက်တာဇီယတ်အယ်အလိုင်းက ပြောပါတယ်။

သူက လက်ရှိထုတ်ပြန်ထားတဲ့ သုတေသနမှာမပါဝင်ပေမယ့် ကိုဗစ်-၁၉ ရောဂါရဲ့ ရေရှည်အကျိုးရလဒ်တွေနဲ့ ပတ်သက်ပြီး သီးခြားသုတေသနပြု  လေ့လာမှုတွေကို လုပ်နေသူပါ။

အခုအချိန်အထိပေါ့လေ။ ကိုဗစ်က ဘာကြောင့်ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း အများအပြားအပေါ် အချိန်ကြာမြင့်စွာ သက်ရောက်မှုရှိတာလဲဆိုတဲ့   အဖြေကို ကျွန်တော်တို့တစ်တွေ  ခေါင်းကုတ်ပြီး စဉ်းစားအဖြေရှာခဲ့ကြပါတယ်။

အခု ဒီသုတေသနက ကျွန်တော်တို့ကို မီးမောင်းထိုးပြလိုက်ပါပြီ။     ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကို ပြင်းထန်စွာ မခံစားရသူတွေနဲ့    ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူတွေဆီမှာ နာတာရှည်ကိုဗစ် လက္ခဏာတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ မေးခွန်းကိုလည်း ကူညီဖြေရှင်းပေးလိုက်နိုင်ပါပြီ လို့   ဒေါက်တာဇီယတ်အယ်အလိုင်းကပြောပါတယ်။

အခုသုတေသနအတွက် အချက်အလက်တွေကို သေစေနိုင်လောက်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်သူတွေဆီကနေ  ရယူထားတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ဟာ    အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ရဲ့ပြင်ပရှိ ကလာပ်စည်းတွေကို ကူးစက်နိုင်ခြင်းရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး သုတေသီတွေက အငြင်းပွား ကြပါသေးတယ်။

အခုသုတေသနမှာတော့  သုတေသနပညာရှင်တွေဟာ အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ  ကိုဗစ်-၁၉  ရောဂါနဲ့ သေဆုံးသွားသူ ၄၄ ဦးရဲ့အလောင်းကို ခွဲစိတ်စစ်ဆေးမှုအတွင်းရရှိတဲ့ တစ်သျှူးတွေကို သုတေသနပြု လေ့လာမှုတွေ လုပ်ကြပါတယ်။

သေဆုံးသူတွေဟာ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ ပထမဆုံးအချိန်ကာလအတွင်း ရောဂါပိုးကူးစက်ခံရပြီးနောက်  သေဆုံးသွားသူတွေဖြစ်ပါတယ်။

အဲဒီလို   သုတေသနပြုလေ့လာမှုတွေ လုပ်ရာမှာတော့   သုတေသီတွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ကိုရိုနာဗိုင်းရပ်တွေ တည်ရှိနေတာကို  တွေ့လိုက်ရပါတယ်။

ကိုရိုနာဗိုင်းရပ်   ကူးစက်ခံထားရတဲ့ အများဆုံးနေရာတွေထဲမှာ ဦးနှောက်လည်း အပါအဝင်ဖြစ်ပြီး အချိန်ကာလအားဖြင့် ရောဂါလက္ခဏာ   စတင်ပြသပြီးနောက် ရက်ပေါင်း ၂၃၀ ကြာသည့်တိုင် တွေ့ရှိနေရတာ ဖြစ်ပါတယ်။

ဒီလိုတွေ့ရှိရတာဟာ ချို့ယွင်းချက်ရှိတဲ့ ဗိုင်းရပ်ကူးစက်ခံရမှုကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ချို့ယွင်းချက်ရှိတဲ့ ဗိုင်းရပ်ကူးစက်ခံရမှု ဆိုတာကတော့ ဝက်သက်ရောဂါပိုး ထပ်တလဲလဲကူးစက်မှု ဖြစ်ပွားခြင်းကဲ့သို့ပါပဲ။

အခုလုပ်ဆောင်တဲ့   သုတေသနမှာ တခြားသော အလောင်းခွဲစိတ်သုတေသန လုပ်မှုနဲ့မတူတာက   သုတေသီတွေဟာ သေဆုံးပြီးနောက်  တစ်သျှူးရယူခြင်း လုပ်ငန်းကို   လူနာသေဆုံးပြီး တစ်ရက်အတွင်း လုပ်ဆောင်တာဖြစ်တဲ့အတွက် ပိုမို ပြည့်စုံကျယ်ပြန့်ပါတယ်။

သုတေသီတွေဟာ   ကိုရိုနာဗိုင်းရပ်ပမာဏကို ထောက်လှမ်းတိုင်းတာဖို့အတွက် တစ်သျှူးထိန်းသိမ်းမှု နည်းလမ်းအမျိုးမျိုးကို အသုံးပြုတဲ့အပြင် အဆုတ်၊  နှလုံး၊ အူသိမ်နဲ့ ကျောက်ကပ်အနီးရှိ အဒရီနယ်ဂလင်းတို့ အပါအဝင် နေရာမျိုးစုံမှရတဲ့ တစ်သျှူးအမျိုးမျိုးရှိ ကိုရိုနာဗိုင်းရပ်တွေကို မွေးမြူခြင်းကိုလည်း    လုပ်ဆောင်ပါတယ်။

ဒီလိုနည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်တဲ့ သုတေသနရဲ့     စုပေါင်းရလဒ်တွေက ဘာကိုဖော်ပြလဲဆိုရင် Sars-CoV-2 ဗိုင်းရပ်အများဆုံးတည်ရှိတာက    အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ဖြစ်ပေမယ့်လည်း ဗိုင်းရပ်ကကူးစက်မှု ဖြစ်ပွားစဉ် အတောအတွင်း အစောပိုင်းကာလမှာ   တခြားနေရာတွေကို ဖြန့်ခွဲရောက်ရှိ သွားနိုင်ပြီး ဦးနှောက်တစ်ခုလုံးနီးပါး   အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး  နေရာအနှံ့မှာရှိတဲ့ ကလာပ်စည်းတွေကို ကူးစက်တယ်ဆိုတဲ့ အချက်ပါပဲလို့ သုတေသီတွေက တညီတညွတ်တည်း လက်ခံထားပါတယ်။

ဒါ့အပြင် လူနာက ဗိုင်းရပ်ကူးစက်ခံရပြီး ကိုဗစ်-၁၉ ရောဂါကိုပြင်းထန်စွာ မခံစားရသည့်တိုင် ဒါမှမဟုတ် မည်သည့်လက္ခဏာမျှမပြသည့်တိုင် အဆုတ်စနစ်မှာ ကူးစက်လိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ဗိုင်းရပ်က သွေးထဲရောက်သွားပြီး ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့ရောက်ရှိသွားတာ ဖြစ်တယ်လို့လည်း သုတေသီတွေက မှတ်ယူထားပါတယ်။

သူတို့ရဲ့   အလောင်းခွဲစိတ် စစ်ဆေးသုတေသနပြုမှုမှာ  ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သူနဲ့ဆက်စပ်မှုမရှိတဲ့ တခြားရောဂါနဲ့သေသွားတဲ့ ကလေးငယ်တစ်ဦးရဲ့ အလောင်းလည်း ပါဝင်ပါတယ်။

ဒါကြောင့် သုတေသီတွေက ခန့်မှန်းထားတာက ကလေးငယ်များသည် ကိုဗစ်-၁၉ ရောဂါကို ပြင်းထန်စွာ ခံစားရခြင်းမရှိသည့်တိုင် သူ့လုပ်ငန်းစဉ်အတိုင်း  စနစ်တကျလုပ်ဆောင်တဲ့ ဗိုင်းရပ်ကူးစက်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။

အဆုတ်စနစ်ပြင်ပရှိ တစ်သျှူးတွေမှာ ဗိုင်းရပ်ရှင်းလင်းရေးလုပ်ဆောင်မှုက အကျိုးကျေးဇူး နည်းပါးရခြင်း အကြောင်းရင်းကလည်း   အသက်ရှူလမ်းကြောင်းပြင်ပမှာ အားနည်းတဲ့  ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

နောက်တစ်ချက်ထူးခြားတာက သုတေသီတွေ အလောင်းခွဲစိတ် စစ်ဆေးမှု လုပ်ဆောင်တဲ့ လူနာခြောက်ဦးစလုံးရဲ့ ဦးနှောက်တွေထဲမှာ Sars-CoV-2 ရောဂါပိုးကို ရှာဖွေတွေ့ရှိခြင်းပဲ ဖြစ်ပါတယ်။

သူတို့ဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် အနည်းဆုံးတစ်လကြာပြီးမှသာ သေဆုံးသွားရသူတွေ ဖြစ်သလို လူနာတစ်ဦးဆိုရင် ရောဂါလက္ခဏာပြပြီး ရက်ပေါင်း ၂၃၀ ကြာမှာ သေဆုံးသူဖြစ်တာကိုလည်း တွေ့ရပါတယ်။

ဒီလိုမျိုး ဦးနှောက်အတွင်းမှာ ဗိုင်းရပ်ကို တွေ့ရှိမှုဟာ နာတာရှည် ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ ဖြစ်ပွားရမှုအတွက် အဓိကသဲလွန်စဖြစ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးသူအများစုဟာ မှတ်ဉာဏ်အားနည်းသွားတာမျိုးနဲ့ တခြားအာရုံကြောဆိုင်ရာ လက္ခဏာတွေကို ခံစားရတာမျိုးတို့ဖြစ်ပွားတာကြောင့် ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက ဆေးပညာရပ်ဆိုင်ရာသုတေသနကိုဖော်ပြခဲ့တာဖြစ်လို့ သာမန်စာဖတ်သူ များအနေနဲ့ အနည်းငယ်နားလည်မှု လွဲနိုင်တာကြောင့် အနှစ်ချုပ်ကို ခြုံငုံတင်ပြလိုပါတယ်။

ဒီအကြောင်းအရာတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်ဟာ လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီဆိုတာနဲ့    ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့  တခြားနေရာတွေဆီကိုပါ သွေးထဲကနေတစ်ဆင့်  ပျံ့နှံ့သွားနိုင်ပါတယ်။

ဒီလိုပျံ့နှံ့သွားတဲ့အခါ ရောဂါပိုးက အချိန်ကြာမြင့်စွာတည်ရှိပြီး  ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကလည်း  ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးသူတွေမှာ အဆုတ်အပြင် တခြားကိုယ်အင်္ဂါ   အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ ရောဂါလက္ခဏာတွေကို ရေရှည်ခံစားရတာ ဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ဟိုးယခင်အစောပိုင်း ကာလတွေကတည်းက ပြောခဲ့သလိုပဲ ကိုဗစ်-၁၉ ရောဂါဆိုတာ ကူးစက်ခံလို့ကောင်းတဲ့   ရောဂါမဟုတ်ဘူးဆိုတဲ့အကြောင်း ထပ်လောင်းပြောပါရစေ။

ဒါပေမဲ့ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်   ရောဂါပိုးကူးစက်ခံရပြီ၊ ကိုယ့်မှာရောဂါ ဖြစ်ပြီဆိုရင် အသက်မသေရုံတမယ်ခံစားရကာ သေမင်းခံတွင်းဝကနေ ပြန်လွတ်လာနိုင်ပေမယ့် နာတာရှည်ရောဂါ လက္ခဏာတွေကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မခံရလေအောင် အသိ၊ သတိနဲ့ဆင်ခြင် နေထိုင်ကြပါလို့ ထပ်လောင်းတိုက်တွန်း လိုက်ရပါတယ်။

Ref: TST