တစ်နှစ်ကို လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ ၁၀၀၀၀ ကျော်ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင်တံတိုင်း

တစ်နှစ်ကို လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ ၁၀၀၀၀ ကျော်ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင်တံတိုင်း

လျှပ်စစ်စွမ်းအင်ဆိုတာ ဒီကနေ့ခေတ်မှာ မရှိမဖြစ်အရေးပါလာတဲ့အရာဖြစ်လာပါပြီ။ ဒါပေမဲ့ လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ်ဖို့အတွက် ရုပ်ကြွင်းလောင်စာအများအပြားကိုအသုံးပြုရတာကြောင့် ကမ္ဘာကြီးပူနွေးမှုနဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်လာစေပါတယ်။

ဒီအတွက် ပညာရှင်များက သန့်ရှင်းစွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ဘယ်လိုထုတ်ယူမလဲဆိုတာကို နှစ်ပေါင်းများစွာ ကြာအချိန်ယူပြီး   သုတေသနပြုလေ့လာမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

အဲဒီသုတေသနတွေအရတော့ နေရောင်ခြည်စွမ်းအင်အသုံးပြုတာ၊ ရေအားကို အသုံးပြုတာနဲ့ လေအားကိုအသုံးပြုတာ တို့ဟာ ပတ်ဝန်းကျင်ကိုလည်း မညစ်ညမ်းစေဘဲ ကမ္ဘာကြီးပူနွေးမှုကိုတားဆီးပေးနိုင်မယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေဖြစ်တယ်လို့  ယုံကြည် လက်ခံလာကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တော့   တော်တော်များပါတယ်။ ဒီလိုပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ လျှပ်စစ်ကို ထုတ်ယူရာမှာ ကုန်ကျစရိတ်နည်းတယ်လို့ဆိုနိုင်တဲ့ နည်းလမ်း တစ်ခုကတော့ လေအားလျှပ်စစ်လုပ်ငန်းပါပဲ။ ဒီနည်းလမ်းက လေအားနဲ့လည်ပတ်တဲ့ တာဘိုင်တွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကိုထုတ်ယူတာဖြစ်ပြီး တာဘိုင်ရဲ့ ပန်ကာ ဒလက် တစ်ပတ်လည်ခြင်းကနေရရှိတဲ့ လျှပ်စစ်ဓာတ်အားက နေအိမ်တစ်လုံးအတွက် နှစ်ရက်စာလျှပ်စစ်ဓာတ်အားကို ရရှိစေနိုင် ပါတယ်။

ဒါ့အပြင် လေအားလျှပ်စစ်တာဘိုင်ကြီးတစ်ခုဟာ နေအိမ် ၂၀၀၀၀ အတွက် လျှပ်စစ်ဓာတ်အားကို နှစ်စဉ်ထောက်ပံ့ ပေးနိုင်ပါ လိမ့်မယ်။ လေအားလျှပ်စစ်ထုတ်ယူခြင်းက  ဒီလိုမျိုးအကျိုးကျေးဇူးတွေရှိပေမယ့်လည်း သူ့ကိုထားရှိရမယ့်နေရာကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုပါသေးတယ်။ အကောင်းဆုံးကတော့ လွင်တီးခေါင်ပြင်နေရာတို့၊ ကမ်းရိုးတန်းနေရာတို့ စတဲ့နေရာတွေမှာ ထားရှိခြင်းဖြစ်ပါတယ်။

ဒါဆိုရင် လူသူရှုပ်ထွေးတဲ့မြို့ပြလိုနေရာမျိုးတွေမှာ လေအားလျှပ်စစ်ထုတ်ယူမယ့်တာဘိုင်တွေထားလို့မရဘူးလားဆိုပြီး မေးလာနိုင် ပါတယ်။ အဖြေကတော့ မရပါဘူး။ ဒါကြောင့် အမေရိကန်ဒီဇိုင်းပညာရှင်နဲ့စွန့်ဦးတီထွင်သူ ဂျိုးဒေါက်စက်က မြို့ပြလိုနေရာမှာ နေရာလည်း မယူတဲ့အပြင် တစ်နှစ်ကို လျှပ်စစ်ဓာတ်အားကီလိုဝပ်နာရီ ၁၀၀၀၀ ကျော် ထုတ်လုပ်ပေးနိုင်မယ့် လေတာဘိုင် တံတိုင်းတစ်မျိုးကို တီထွင်ဖန်တီးလိုက်ပါတယ်။ သူ့ဆီကနေထွက်လာမယ့် လျှပ်စစ်ဓာတ်အားပမာဏဆိုတာ နေအိမ်တစ်လုံး အတွက်တော့ တစ်နှစ်စာဖူလုံပါတယ်။

“လေစွမ်းအင်ဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့မဟာဓာတ်အားလိုင်းတွေအတွက် အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်လာပြီး စွမ်းအင် ထုတ်လုပ်မှုအတွက်   ရုပ်ကြွင်းလောင်စာအပေါ်မှီခိုနေရမှုကို    ကူညီလျှော့ချပေးနိုင်ပါတယ်။   ဒါပေမဲ့ နေအိမ်အတွက် လေတာဘိုင် တွေက သူတို့ရဲ့တည်ဆောက်ပုံအရ အလွန်နည်းပါးတဲ့လေအားကိုသာရရှိနေပါတယ်” လို့ ဂျိုးဒေါက်စက်ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသွင်အပြင်အားဖြင့်လည်း ရှုပျော်ဖွယ်ရှိတယ်။ စွမ်းဆောင်ရည်အားဖြင့်လည်း အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတဲ့ အခုလေတာ ဘိုင်တံတိုင်းကို သီးခြားလွတ်လပ်စွာလည်ပတ်နိုင်တဲ့ ဒလက်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီဒလက်တွေ လည်ပတ်မှုကနေမှ အသေးစားဂျင်နရေတာကိုမောင်းနှင်ပြီး လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ်ပေးတာပါ။

ထွက်လာတဲ့လျှပ်စစ်စွမ်းအင်ကို အိမ်အတွက်ပဲသုံးသုံး၊ လုပ်ငန်းအတွက်ပဲသုံးသုံး အသုံးပြုနိုင်တဲ့အပြင် နံရံကပ်ဘက်ထရီထဲမှာ ထည့်ပြီး သိုလှောင်ထားနိုင်သလို ပိုင်ရှင်အတွက်အမြတ်ငွေရရှိအောင် အစိုးရရဲ့မဟာဓာတ်အားလိုင်းထဲ ထည့်ပေးခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

အမြင်အားဖြင့် တင့်တယ်တဲ့အတွက်လည်း အဲဒီလေတာဘိုင်တံတိုင်းတွေကို အိမ်ရှေ့မှာဖြစ်စေ၊ အမြန်လမ်းမကြီးဘေး မှာဖြစ်စေ ထားရှိနိုင်ဦးမှာပါ။ လက်ရှိအချိန်မှာ လေတာဘိုင်တံတိုင်းတစ်ခုရဲ့ အတိုင်းအတာတွေက အမြင့် ၈ ပေနဲ့ အကျယ် ၂၅ ပေရှိပေမယ့် လည်း အသုံးပြုသူရဲ့လိုအပ်ချက်အရ စိတ်ကြိုက်ချိန်ညှိနိုင်ပါသေးတယ်။

ဂျိုးဒေါက်စက်ကတော့ သူ့ရဲ့လေတာဘိုင်တံတိုင်းကို အလူမီနီယံဘောင်နဲ့ပြုလုပ်ဖို့ အဆိုပြုထားပါတယ်။ နောက်ပိုင်းကျရင်တော့ တခြား အပေါ့စား ပစ္စည်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်လာမှာပါ။ အခုလက်ရှိ ဂျိုးဒေါက်စက်အနေနဲ့ သူ့ရဲ့လေတာဘိုင်တံတိုင်းကို စီးပွားဖြစ် ထုတ်လုပ်ပြီး  မကြာမီဈေးကွက်ထဲဖြန့်ချိနိုင်ဖို့ အရေး ကုမ္ပဏီတွေနဲ့ဆွေးနွေးနေပါတယ်။

 

ကိုထက်