ကိုရိုနာဗိုင်းရပ်ကမ္ဘာ့ကပ်ရောဂါက အဆိုးဆုံးမဟုတ်သေးဟု ကုလသမဂ္ဂသတိပေး

နယူးယောက်၊ ကျန်းမာရေး

ကိုရိုနာဗိုင်းရပ်ကမ္ဘာ့ကပ်ရောဂါက အဆိုးဆုံးမဟုတ်သေးဟု ကုလသမဂ္ဂသတိပေး

လက်ရှိလူသားများရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ် ကမ္ဘာ့ကပ်ရောဂါသည် လူသားများအတွက် အဆိုးဆုံးမဟုတ်သေးကြောင်းနှင့် ပြည်သူများအနေဖြင့် အလားတူအခြေအနေများ အနာဂတ်တွင်ဖြစ်လာနိုင်သည်ဟု ကြိုတင်မြော်တွေးကာ ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း   ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က သတိပေးထားသည်။

ယခုအခါ လူသားများအနေဖြင့် ရင်ဆိုင်နေရသော ကျန်းမာရေးပြဿနာကို တုံ့ပြန်ဖြေရှင်းသကဲ့သို့ နောက်ထပ်ဖြစ်လာနိုင်သည့်  ကပ်ဆိုးကြီး တစ်ခုအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း အန်တိုနီယိုဂူတားရက်က ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။

အန်တိုနီယိုဂူတားရက်အနေဖြင့် ဒီဇင်ဘာ ၂၇ ရက်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါကြိုတင်ပြင်ဆင်မှုနေ့ အထိမ်းအမှတ်အဖြစ်   ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ကုလသမဂ္ဂနှင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့က ကပ်ရောဂါများမဖြစ်စေရေးကြိုတင်ကာကွယ်မှုနှင့်ကပ်ရောဂါများအတွက်  ကြိုတင် ပြင်ဆင်မှုတို့၏ အရေးကြီးပုံကို ထောက်ခံအားပေးရန်လိုအပ်သည်ဟု တညီတညွတ်တည်း သဘောတူပြီးနောက်   ပထမဆုံး အကြိမ်  အပြည်ပြည်ဆိုင်ရာကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုနေ့ကို ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာ ၂၇ ရက်တွင်  စတင်သတ်မှတ်ခဲ့ ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းကလည်း ရုရှားနိုင်ငံမှကိုယ်ခံအားပညာရှင်တစ်ဦးဖြစ်သည့် ဗလာဒီဆလပ်ဇမ်ချူကော့က လူသားများတွင် ကိုရိုနာဗိုင်းရပ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုက အဆုံးသတ်နေပြီဖြစ်သော်လည်း တိရစ္ဆာန်များကို ကူးစက်ရန် စိုင်းပြင်းနေကြောင်း ပြောထားသည်။

သို့သော် လူသားများရင်ဆိုင်နေရသည့် ကပ်ရောဂါအဆုံးသတ်ရေးသည် ကာကွယ်ဆေးထိုးနှုန်းအပေါ်မူတည်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကြိုတင်ဝယ်ယူစုဆောင်းနေမှုများသည် ကမ္ဘာ့စီးပွားရေး နာလန်ထူမှုကိုနှေးကွေးစေပြီး အရေးအကြီးဆုံးအချက်မှာ ကမ္ဘာ့ကပ်ရောဂါကို သက်တမ်းရှည်ကြာစေခြင်း ဖြစ်နိုင် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

Ref: Sputnik