အင်ဒိုနီးရှား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်

 

အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာ ၁၉ ရက်အထိတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၁၆၈ ဦးအထိ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။ ရောဂါဖြစ်ပွားမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူအရေအတွက်မှာမူ ၁၁၂ ဦးရှိသည်။ ထို့ကြောင့် အင်ဒိုနီးရှား နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစုပေါင်း ၂၄၀၆၈၇ ဦးနှင့် သေဆုံးသူစုစုပေါင်း ၉၄၄၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံအဖြစ်ဆက်လက် ရပ်တည်နေသည်။ ဂျကာတာမြို့အနေဖြင့် မြို့အတွင်း ကျန်းမာရေးစစ်ဆေးမှုပမာဏကို မကြာမီနှစ်ဆတိုးမြှင့်မည်ဟု မြို့တော်အုပ်ချုပ်ရေးမှူးက ပြောထားသည်။ လူဦးရေ ၁၀ သန်းရှိသော ဂျကာတာမြို့၌ လက်ရှိအချိန်အထိ တစ်ရက်လျှင် ကျန်းမာရေးစစ်ဆေးပေးနိုင်သူဦးရေမှာ ၅၀၀၀၀ ခန့်သာရှိသည်။ ထို့ကြောင့် ကျန်းမာရေး စစ်ဆေးမှုကိုနှစ်ဆတိုးမြှင့်လိုက်ပါက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူအရေအတွက်မှာ ယခုထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် အစိုးရရုံးဌာနများအနေဖြင့် ချမှတ် ထားသောကျန်းမာရေးစည်းကမ်းများကို အတိအကျလိုက်နာသင့်ကြောင်း၊ ယခုဆိုလျှင် အစိုးရ ရုံးပေါင်း ၃၀ အထိ ရောဂါကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ပူအန်မဟာရာနီကပြောသည်။

Ref: CNA