အီဂျစ်က ဖာရိုဘုရင်တစ်ပါး၏မံမီကို ဒစ်ဂျစ်တယ်နည်းအရ အထုပ်ဖြေပြ

အီဂျစ်က ဖာရိုဘုရင်တစ်ပါး၏မံမီကို ဒစ်ဂျစ်တယ်နည်းအရ အထုပ်ဖြေပြ

အီဂျစ်နိုင်ငံအနေဖြင့်  နာမည်ကျော် ဖာရိုဘုရင်တစ်ပါးဖြစ်သော အာမန်ဟိုတပ် ၁ ၏မံမီရုပ်အလောင်းကို ဒစ်ဂျစ်တယ် နည်းအရ အထုပ်ဖြေပြလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မံမီရုပ်အလောင်းကို ၁၈၈၁ ခုနှစ်တွင် စတင်တူးဖော်  တွေ့ရှိခြင်းဖြစ်ပြီး ၎င်းတွင်ပတ်ထားသော ပိတ်စများကို ထိခိုက်မှုမရှိစေဘဲ  အတွင်းရှိ လျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြနိုင်ခြင်း ဖြစ်သည်။

ယင်းသို့မံမီရုပ် အလောင်းကို ဒစ်ဂျစ်တယ်နည်းအရ  အထုပ်ဖြေပြနိုင်ရေး အတွက် အဆင့်မြင့်သုံးဖက်မြင် ပုံရိပ်ဖော်နည်းပညာကို အသုံးပြုခြင်းဖြစ်သည်။

ထိုနည်းပညာကို အသုံးပြုနိုင်ခြင်းကြောင့် သုတေသနပညာရှင်များ အနေဖြင့်  ဘီစီ ၁၅ဝဝ ခန့်ကအုပ်ချုပ်ခဲ့သော ဖာရိုဘုရင်အတွက် အသုံးပြုခဲ့သည့်   မံမီနည်းဖြင့်စီရင်ခြင်း နည်းစနစ်များကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

မံမီရုပ်အလောင်းကို ဒစ်ဂျစ်တယ်နည်းအရ အထုပ်ဖြေခြင်း သုတေသနလုပ်ငန်းကို ကိုင်ရိုတက္ကသိုလ်မှ  ရေဒီယိုရောင်ခြည် ပညာရှင် ဆာဟာဆာလင်းနှင့် နာမည်ကျော် အီဂျစ်သုတေသီ   ဇာဟီဟားဝက်တို့က ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း  ခရီးသွားလာရေးနှင့်  ရှေးဟောင်းပစ္စည်းများ ဆိုင်ရာ ဝန်ကြီးဌာနက  ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ဆာလင်းနှင့်ဟားဝက်တို့ အနေဖြင့် အဆင့်မြင့်  အိတ်စရေးနည်းပညာ၊ စီတီစကန်ဖတ်နည်းပညာနှင့်   အဆင့်မြင့်ကွန်ပျူတာ ဆော့ဝဲများ အသုံးပြု၍ မံမီရုပ်အလောင်းကိုထိတွေ့ကိုင်တွယ်ရန် မလိုဘဲ  ဒစ်ဂျစ်တယ် နည်းပညာ အထုပ်ဖြေပြနိုင်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသုတေသနပြု လေ့လာမှုအရ ဘုရင်အာမန်ဟိုတပ် ၁ ၏မျက်နှာ၊ အသက်၊ ကျန်းမာရေး အခြေအနေနှင့် အခြားသော လျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဘုရင်အာမန်ဟိုတပ် ၁ သည် လက်နှစ်ဖက်ကို ရင်ဘတ်တွင်ယှက်လျက် မံမီအဖြစ် ကျပ်စည်းခံရသည့်  ထမဆုံး ဘုရင်နှင့် ဦးခေါင်းခွံအတွင်းမှ ဦးနှောက် ထုတ်ယူ ခံထားရခြင်း မရှိသည့် နောက်ဆုံးဘုရင် ဖြစ်ကြောင်း  သုတေသနပြု တွေ့ရှိချက်တွင် ဖော်ပြထားသည်ဟု သိရသည်။