ပြင်သစ်အစိုးရက အထူးကြပ်မတ် ကုသဆောင်မှ သူနာပြုများအတွက် လစဉ်အပိုဆုကြေး ပေးမည်

ပြင်သစ်အစိုးရက အထူးကြပ်မတ် ကုသဆောင်မှ သူနာပြုများအတွက် လစဉ်အပိုဆုကြေး ပေးမည်

ပြင်သစ်အစိုးရအနေဖြင့် နိုင်ငံအတွင်း တာဝန်ထမ်းဆောင်နေသော အထူးကြပ်မတ် ကုသဆောင်မှ သူနာပြုများအတွက် လစဉ်အပိုဆုကြေး ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် ပင်ပန်းနေသော အဆိုပါ သူနာပြုများအတွက် အစိုးရက ဇန်နဝါရီလမှစ၍   တစ်လလျှင်ယူရို ၁ဝဝ ကို အပိုဆုကြေးပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ယွန်းကက်စတက်က   ဒီဇင်ဘာ ၂၈ ရက်တွင်ပြောသည်။

ယခုကဲ့သို့ လစဉ်အပိုဆုကြေး ပေးရခြင်းသည် အထူးကြပ်မတ် ကုသဆောင်များရှိ သူနာပြုများအနေဖြင့်   လုပ်ငန်းခွင်တွင် နေပျော်ရေး၊ လေ့ကျင့်မှု၊ အရည်အချင်းနှင့် လုပ်ငန်းခွင်ဆောင်ရွက်မှု အခြေအနေများ တိုးတက်စေရေးတို့အပြင်     ၎င်းတို့၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

ပြင်သစ်နိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးအတွက်   ရှေ့တန်းမှပါဝင် ဆောင်ရွက်နေသည့် ဝန်ထမ်းဦးရေ နည်းပါးလာမှုကို ဟန့်တားနိုင်ရေးအတွက်  ကျန်းမာရေး ဝန်ကြီး  အိုလီဗီယာဗီရန်က   လာမည့် သီတင်းပတ်တွင် ထုတ်ပြန်မည့် ဆောင်ရွက်ချက်များ မတိုင်မီ ယခုကဲ့သို့ အပိုဆုကြေးပေးမည့် ဝန်ကြီးချုပ်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးလျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကြောင့်   ရောဂါ ဖြစ်ပွားသူ အရေအတွက် စံချိန်တင်မြင့်တက်လာသည်။ ထိုသို့ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်လာမှုကြောင့်  အစိုးရဆေးရုံများရှိ အထူးကြပ်မတ် ကုသဆောင်များတွင်  တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများအပေါ်  ဖိအားများ ပိုမိုကျရောက်လာကြောင်း သိရသည်။