အမေရိကန်အနေဖြင့် အာကာသတွင် တာဝန်သိစွာပြုမူရန် တရုတ် တိုက်တွန်း

အမေရိကန်အနေဖြင့် အာကာသတွင် တာဝန်သိစွာပြုမူရန် တရုတ် တိုက်တွန်း

အမေရိကန်နိုင်ငံအနေဖြင့် အာကာသတွင် တာဝန်သိစွာပြုမူရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း   တရုတ်နိုင်ငံခြားရေး  ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် အာကာသဆိုင်ရာ လိုက်နာရမည့် သဘောတူညီချက်များကို လျစ်လျူရှုကာ အာကာသယာဉ်မှူးများကို   အန္တရာယ်ဖြစ်စေသည်အထိ  လုပ်ဆောင်ခဲ့ကြောင်း   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံ Space X ကုမ္ပဏီက လွှတ်တင်ထားသည့်   ဂြိုဟ်တုများက တရုတ်နိုင်ငံ၏ အာကာသစခန်းကို ဝင်တိုက် လုနီးပါးဖြစ်ပြီးနောက် တရုတ်အစိုးရ၏တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီလွန်မက်(စ်) ပိုင်ဆိုင်သော Space X  ကုမ္ပဏီမှ ဂြိုဟ်တုများသည် တရုတ်၏ အာကာသစခန်းဖြစ်သော ထီအန်ကောင်းကို နှစ်ကြိမ်တိုင်တိုင် ဝင်တိုက်လုနီးပါးဖြစ်သည့်အတွက် အာကာသစခန်း အနေဖြင့် အရေးပေါ်ရှောင်ရှားမှုများကို လုပ်ဆောင်ခဲ့ရသည်။

Space X ကုမ္ပဏီ၏ Starlink အမည်ရှိ ဂြိုဟ်တုအစီအစဉ်မှ    ဂြိုဟ်တုတစ်လုံးသည် ဇူလိုင်လတွင် လည်းကောင်း၊ နောက်ထပ် ဂြိုဟ်တုတစ်လုံးသည် အောက်တိုဘာလတွင်လည်းကောင်း တရုတ်အာကာသစခန်းနှင့် တိုက်မိမလိုဖြစ်ခြင်းဖြစ်ကြောင်း  တရုတ်အစိုးရက ကုလသမဂ္ဂ အာကာသအေဂျင်စီသို့ပေးပို့သော   အကြောင်းကြားစာတွင်ဖော်ပြထားသည်။

Starlink  ဂြိုဟ်တုအစီအစဉ်သည် ဂြိုဟ်တု အလုံးပေါင်း  ၂ဝဝဝ  နီးပါးကို အသုံးပြုကာ ကမ္ဘာမြေအတွက်အင်တာနက် ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်သည်။

ထို့ပြင်  Space X   ကုမ္ပဏီသည် အမေရိကန်စစ်ဘက် သို့မဟုတ် အရပ်ဘက် အာကာသအေဂျင်စီတို့နှင့် သက်ဆိုင်ခြင်း မရှိသည့် ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်။

သို့သော် အပြည်ပြည်ဆိုင်ရာ အာကာသဥပဒေ၏  အခြေခံအုတ်မြစ်ဖြစ်သော အာကာသသဘောတူ စာချုပ်ပါ အဖွဲ့ဝင် နိုင်ငံများသည်   ၎င်းတို့၏နိုင်ငံသားများပိုင်ဆိုင်သော ကုမ္ပဏီများ၏ လုပ်ဆောင်မှုအတွက်လည်း တာဝန်ရှိသည်ဟု တရုတ်အစိုးရ၏ အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။