ဖိလစ်ပိုင်က တောင်ကိုရီးယားမှ စစ်သင်္ဘောအသစ် နှစ်စင်းမှာယူ

ဖိလစ်ပိုင်က တောင်ကိုရီးယားမှ စစ်သင်္ဘောအသစ် နှစ်စင်းမှာယူ

ဖိလစ်ပိုင်အစိုးရက တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေးအကြီးစား စက်မှုလုပ်ငန်းမှ စစ်သင်္ဘော အသစ်နှစ်စင်းကို မှာယူထားကြောင်း ကာကွယ်ရေးဝန်ကြီး ဒဲဖင်လိုရန်ဇာနာက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်အနေဖြင့်    ရေပိုင်နက် အငြင်းပွားမှုများနှင့် ကြုံတွေ့နေရစဉ် ရေတပ်ကို အဆင့်မြှင့်တင် အင်အားဖြည့်တင်းခြင်း ဖြစ်သည်။

ဖိလစ်ပိုင်ရေတပ်သည် အမေရိကန်နိုင်ငံထံမှ ဒုတိယကမ္ဘာစစ်ကျန် သင်္ဘောများကိုသာ အသုံးပြုကာ  ဆယ်စုနှစ်များစွာကြာ ခေတ်နောက်ကျနေခဲ့ရာမှ လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေမတိုင်မီ ဘန်နစ်နိုအကွီနို လက်ထက် ၂ဝ၁ဝ ပြည့်နှစ်မှစတင်ကာ ရေတပ်ကိုအဆင့်မြှင့်တင်မှု လုပ်ဆောင်လာခြင်းဖြစ်သည်။

ယခုမှာယူသည့် စစ်ရေယာဉ်နှစ်စင်းသည် ကော်ဗက်စစ်ရေယာဉ် အမျိုးအစားဖြစ်ပြီး တန်ဖိုးအားဖြင့် ဖိလစ်ပိုင်ပီဆို ၂၈ ဘီလီယံရှိသည်။

ပြီးခဲ့သည့်ငါးနှစ်ကလည်း  ဖိလစ်ပိုင် အစိုးရသည် အဆိုပါဟွန်ဒေး အကြီးစား စက်မှုလုပ်ငန်းမှ   ဖရီးဂိတ်စစ်ရေယာဉ် နှစ်စင်းကို ဝယ်ယူထားဖူးသည်။

ကော်ဗက်နှင့်ဖရီးဂိတ် စစ်ရေယာဉ်များသည် သေးငယ်ပြီး အမြန်သွားရေယာဉ်များဖြစ်ကာ အခြားရေယာဉ်များကို တိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် အဓိက အသုံးပြုလေ့ရှိသည်။

ယခုဝယ်ယူသည့်  ခေတ်မီကော်ဗက် စစ်ရေယာဉ်နှစ်စင်းသည်    သင်္ဘောတိုက်ဖျက်ရေး၊  ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် ဝေဟင်ပစ်မှတ်ချေမှုန်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက    မနီလာမြို့၌ ကျင်းပသည့် စစ်သင်္ဘောဝယ်ယူမှု လက်မှတ်ရေးထိုးပွဲတွင်ပြောသည်။

ထို့ပြင် အဆိုပါစစ်ရေယာဉ်များသည် ရေတပ်က လက်ရှိပိုင်ဆိုင်ထားသော စစ်ရေယာဉ်များနှင့် အတူ ပူးပေါင်းကာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ပြုပြင်ထိန်းသိမ်းမှုစရိတ် နည်းပါးစေမည်ဖြစ်ကြောင်း   ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံမှ   ကမ်းခြေစောင့်တပ်ဖွဲ့သုံး ရေယာဉ် အဟောင်းနှစ်စင်း၊ သြစတြေးလျနိုင်ငံမှ ကမ်းထိုးရေယာဉ် သုံးစင်းနှင့် ဂျပန်နိုင်ငံမှ ကမ်းခြေစောင့် တပ်ဖွဲ့သုံး   ကင်းလှည့်ရေယာဉ်များကိုလည်း မှာယူထားကြောင်း သိရသည်။