တရုတ်ပြည်သူများ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးအသုံးပြုနိုင်တော့မည်

 

တရုတ်နိုင်ငံမှ  ထုတ်လုပ်ထားသည့်ကိုရိုနာဗိုင်းရပ်  ကာကွယ်ဆေးများကို ၂၀၂၀  ပြည့်နှစ် နိုဝင်ဘာလ အစောပိုင်းတွင် ပြည်သူများ စတင်အသုံးပြုနိုင်ဖွယ်ရှိကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ကပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန် ခဲ့သည်။ CDC ၏ထုတ်ပြန်ချက်သည် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံများက အပြိုင်အဆိုင်ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် ကာကွယ်ဆေးလေးမျိုးအား နောက်ဆုံးအဆင့်စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပြီး  ယင်းတို့အနက် အနည်းဆုံးကာကွယ်ဆေးသုံးမျိုးကို ဇူလိုင်လအတွင်း ချမှတ်သည့် ကာကွယ် ဆေးအရေးပေါ်အသုံးပြုရေး အစီအစဉ်အရ နိုင်ငံအတွင်းရှိ အရေးပါသည့်လုပ်သားများကို ထိုးနှံပေးရန် ကမ်းလှမ်းထားပြီးဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်းတို့ထုတ်လုပ်ထားသော ကာကွယ်ဆေးများကို စမ်းသပ်ကုသရာတွင် အဆင့် (၃) ဟုသတ်မှတ်ထားသည့် စမ်းသပ်မှုများကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့ သောကြောင့်  အဆိုပါကာကွယ်ဆေးများကို ယခုနှစ် နိုဝင်ဘာ သို့မဟုတ်ဒီဇင်ဘာလခန့် တွင် နိုင်ငံအတွင်းရှိ ပြည်သူများ အသုံးပြုနိုင်ဖွယ်ရှိကြောင်း CDC မှဇီဝဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကျွမ်းကျင်သူ ကေကျန်းဝူက စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံပိုင်ရုပ်သံ ဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားထားသည်။ ကာကွယ်ဆေးများကို  စမ်းသပ်သည့်အနေဖြင့် ဧပြီလက ၎င်းကိုယ်တိုင် စမ်းသပ်ကုသမှုခံယူခဲ့ပြီး နောက်ပိုင်းလများတွင် ပုံမှန်မဟုတ်သည့် လက္ခဏာများထွက်ပေါ်လာခြင်း မရှိကြောင်း ကေကျန်းဝူက ပြောသည်။

သို့ရာတွင် စမ်းသပ်မှုခံယူခဲ့သည့် ကာကွယ်ဆေးမှာ မည်သည့်ဆေးဖြစ်ကြောင်းကို ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ နိုင်ငံအတွင်း စတုတ္ထမြောက်ကာကွယ်ဆေးကို ကန်ဆီနို ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယင်းဆေးကို ဇွန်လမှစ၍ လက်နက်ကိုင်တပ်ဖွဲ့တွင်    အသုံးပြုရန် အာဏာပိုင်များက အတည်ပြုခဲ့သည်။ အလားတူ တရုတ်နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ဆေး တစ်မျိုးဖြစ်သည့် ကိုရိုနာဗက်ကာကွယ်ဆေးကို စမ်းသပ်ရာတွင် ယင်းဆေးသည် ဘေးကင်းပြီး သက်ကြီးရွယ်အိုများတွင် ပဋိပစ္စည်းများကိုဖြစ်ပေါ်စေသည်ဟု ဆီနိုဖမ်းကုမ္ပဏီက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးစမ်းသပ်ကုသရေး အစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ကိုရိုနာဗက် ကာကွယ်ဆေး၏ နောက်ဆုံးအဆင့်စမ်းသပ်မှုကို ဘရာဇီး၊ တူရကီနှင့်အင်ဒိုနီးရှားနိုင်ငံတို့၌ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် တရုတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့သည် နိုင်ငံအတွင်း ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို ယခုလနှောင်းပိုင်းမှစ၍  ကလေးသူငယ်များနှင့် ဆယ်ကျော်သက်များတွင် စမ်းသပ်ကုသရန် စီစဉ်လျက်ရှိသောကြောင့် တရုတ်ပြည်သူများ အနေဖြင့် မကြာမီ ကာကွယ်ဆေးကို အသုံးပြုနိုင်တော့မည့်အလားအလာများ ထွက်ပေါ် လျက်ရှိသည်။

Ref;National Herald,ST