ယူအေအီးမှာ အသုံးပြုခွင့်ရသွားပြီဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်ကာကွယ်ဆေး

ယူအေအီးမှာ အသုံးပြုခွင့်ရသွားပြီဖြစ်တဲ့ ကမ္ဘာ့ပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်ကာကွယ်ဆေး

အာရပ်စော်ဘွားများ ပြည်ထောင်စုက (ယူအေအီး)က   ကမ္ဘာ့ပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို နိုင်ငံအတွင်း အသုံးပြုခွင့်ပေးလိုက်ပါပြီ။

အဲဒီကာကွယ်ဆေးကို တရုတ်နိုင်ငံရှိ ဆိုင်နိုဖမ်းကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးပေါင်းစုံ ကူးစက်မှုကနေ ကာကွယ်ပေးနိုင်မယ်ဆိုတဲ့အချက်က  နည်းနည်းတော့ စိတ်ဝင်စား စရာကောင်းပါတယ်။

ဒါတင်မကသေးပါဘူး။   ဆိုင်နိုဖမ်း ကုမ္ပဏီထုတ်   မူလကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ထိုးထားသူတွေအနေနဲ့လည်း    အခုကာကွယ်ဆေး အသစ်ကို ထပ်တိုးကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုင်နိုဖမ်းကုမ္ပဏီရဲ့ ကာကွယ်ဆေးထုတ်လုပ်မှု ကုမ္ပဏီခွဲဖြစ်တဲ့ တရုတ်အမျိုးသား ဘိုင်အိုတက်အဖွဲ့(CNBG)က ထုတ်ပြန်ထားပါတယ်။

ဆိုင်နိုဖမ်းကုမ္ပဏီက ထုတ်ထားတဲ့မူလကာကွယ်ဆေးက အသက်ဝင် လှုပ်ရှားမှုမရှိတော့တဲ့ ဗိုင်းရပ်တစ်ကောင်လုံးကို အသုံးပြုပြီး ထုတ်လုပ်ထားတာပါ။

အသစ်ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးကတော့ ပြန်လည်ပေါင်းစပ် ပရိုတင်းလို့ခေါ်တဲ့ နည်းပညာအပေါ် အခြေခံပြီး ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီပရိုတင်းထဲမှာ မျိုးရိုးဗီဇအရ အဆင့်မြှင့်တင် ပြုပြင်ထားတဲ့ ကိုရိုနာဗိုင်းရပ်ပါဝင်ပါတယ်။

အဓိက ပါဝင်ပစ္စည်းကတော့ ကိုရိုနာဗိုင်းရပ်မှ မျိုးရိုးဗီဇအရ အဆင့်မြှင့်တင်ပြုပြင်ထားတဲ့ စပိုက်ပရိုတင်းဖြစ်ကာ သူ့ကို အသုံးပြုသူအနေနဲ့   မည်သည့်နာကျင်ကိုက်ခဲမှုမျှ မခံစားရဘဲ ခန္ဓာကိုယ်ကနေ ကိုယ်ခံအားတုံ့ပြန်မှုကို ထွက်ပေါ်လာစေဖို့ တွန်းအားပေးတာပါ။

စပိုက်ပရိုတင်း ဆိုတာကတော့ လူ့ခန္ဓာကိုယ်ထဲက လက်ခံကလာပ်စည်းကို ချည်နှောင်တဲ့ ပင်မပရိုတင်းဖြစ်ပြီး သူကလက်ခံ ကလာပ်စည်းကနေမှတစ်ဆင့် ရောဂါပိုးကူးစက်မှု လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တာဖြစ်ပါတယ်။

ဒီထဲမှာ   နောက်ထပ်ပါဝင်ပစ္စည်း တစ်မျိုးကိုလည်း ထည့်ထားပါသေးတယ်။ အဲဒါကတော့ ကာကွယ်ဆေးရဲ့ စွမ်းဆောင် ရည်ကို  ပိုမိုတိုးတက်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုနည်းလမ်းကို တုပ်ကွေးရောဂါကဲ့သို့ တခြားသော ရောဂါများအတွက် ကာကွယ်ဆေးတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာပါ။

အခု ယူအေအီးကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေး ဝန်ကြီးဌာနက  ဆိုင်နိုဖမ်းကုမ္ပဏီထုတ် ကမ္ဘာ့ပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ အဲဒီကာကွယ်ဆေးဟာ    ဗီဇပြောင်းရောဂါပိုးပေါင်းစုံရဲ့  ကူးစက်မှုကနေ ကာကွယ်နိုင်လိမ့်မယ်လို့ CNBG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူအေအီး အစိုးရကလည်း သူတို့အနေနဲ့ အဲဒီကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သေချာစောင့်ကြပ်ကြည့်ရှု လေ့လာပြီးမှ   နိုင်ငံအတွင်းအရေးပေါ်အသုံးပြုခွင့်ပေးတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဆေးကို ယူအေအီးနိုင်ငံမှာ သုတေသနပြုစမ်းသပ်စဉ် လူအယောက် ၂ဝဝဝ နီးပါးမှာ အသုံးပြုခဲ့ပြီး   ထွက်ပေါ်လာတဲ့ ကနဦးရလဒ်ကတော့  အသုံးပြုဖို့အတွက် စိတ်ချရတယ်ဆိုတဲ့အဖြေပါပဲ။

ဒါတင်မကသေးပါဘူး။ အဲဒီကာကွယ်ဆေးကို အသုံးပြုထားသူတွေမှာ ရှေ့ပြေးပုံစံ မျိုးရိုးဗီဇနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဗီဇပြောင်းရောဂါပိုးတွေ အားလုံးရဲ့  ကူးစက်မှုကနေ ကောင်းစွာကာကွယ်နိုင်မယ့် ပဋိပစ္စည်းပမာဏ အမြောက်အမြား ထွက်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

စမ်းသပ်မှုမှာပါဝင်သူတွေက   ယခင် ဆိုင်နိုဖမ်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   နှစ်ကြိမ်ထိုးထားပြီး သူများသာဖြစ်ကာ သူတို့အားလုံးမှာ ပဋိပစ္စည်း ကောင်းစွာထွက်ရှိပြီး  ဘယ်လိုဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး။

ဒါ့အပြင် ဒုတိယမျိုးဆက်ကိုဗစ် ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှုနှုန်း အမြင့်ဆုံးကိုရရှိစေပြီး ထုတ်လုပ်မှုကိုလည်း လျင်မြန်စွာ လုပ်ဆောင်နိုင်ရုံသာမက အလွယ်တကူ သိမ်းဆည်း ဖြန့်ဖြူးနိုင်ဦးမှာပါ။

CNBG ကသူတို့အနေနဲ့ မူလဗိုင်းရပ်ကိုသာမက ဒယ်တာအပါအဝင် တခြားဗီဇပြောင်းရောဂါပိုးတွေရဲ့  ကူးစက်မှုကနေကာကွယ်နိုင်မယ့် ဒုတိယမျိုးဆက် ကာကွယ်ဆေးကို  ဖော်စပ်ထုတ်လုပ်နေတယ်လို့ စက်တင်ဘာလကတည်းက ပေကျင်းမြို့မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတစ်ခုမှာ တရားဝင် ထုတ်ဖော်ပြောခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ဒီလိုဒုတိယမျိုးဆက်ကိုဗစ် ကာကွယ်ဆေးကို တရုတ်နိုင်ငံမှာ အသုံးပြုခြင်း မရှိသေးပေမယ့် ယူအေအီးနိုင်ငံမှာတော့ ထုတ်လုပ်ဖြန့်ဖြူး သွားတော့မှာဖြစ်ပါတယ်။

ထုတ်လုပ်မယ့်သူက ဟာယတ်ဘိုင်အိုတက်ဖြစ်ပြီး ယူအေအီးကုမ္ပဏီ G42 နဲ့ ဆိုင်နိုဖမ်းတို့ ပေါင်းစည်းထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဟာယတ်ဘိုင်အိုတက်ဆိုတာ ဆိုင်နိုဖမ်းကုမ္ပဏီရဲ့ မူလကာကွယ်ဆေး ဖြစ်တဲ့ပြည်တွင်းမှာ ဟာယတ်-ဗက်ဆိုတဲ့ အမည်နဲ့ ထုတ်လုပ်နေသူပါ။ အခုကမ္ဘာ့ပထမဆုံး ဒုတိယမျိုးဆက် ကိုဗစ်ကာကွယ်ဆေးကို ထပ်တိုးကာကွယ်ဆေး အနေနဲ့ ပြည်သူတွေဆီ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး စတင်ဖြန့်ဖြူးမယ့် အချိန်ကတော့ လာမယ့်ဇန်နဝါရီလထဲမှာ ဖြစ်ပါတယ်။