ဂျပန်က ၂ဝ၂၅ ခုနှစ် နောက်ပိုင်းတွင် လပေါ်သို့ လူသားတစ်ဦး စေလွှတ်သွားမည်

ဂျပန်က ၂ဝ၂၅ ခုနှစ် နောက်ပိုင်းတွင် လပေါ်သို့ လူသားတစ်ဦး စေလွှတ်သွားမည်

ဂျပန်နိုင်ငံအနေဖြင့်   ၂ဝ၂၅ ခုနှစ် နောက်ပိုင်းတွင်  လပေါ်သို့ လူသားတစ်ဦး စေလွှတ်သွားမည်ဖြစ်ကြောင်း ထိုနိုင်ငံ၏ အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်များအရ သိရသည်။

အာကာသသည် လူသားများအတွက် မျှော်လင့်ချက်နှင့် အိပ်မက်များကို ပေးစွမ်းရာနေရာဖြစ်သည်သာမက နိုင်ငံ၏ စီးပွားရေး ဖူလုံမှုနှင့် သက်ဆိုင်သည့် စီးပွားရေးအသိုက်အဝန်းအတွက်   အရေးပါသော အုတ်မြစ်ကို  ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက ပြောသည်။

အမေရိကန်နိုင်ငံက လပေါ်သို့အာကာသ ယာဉ်မှူးများ ပြန်လည်စေလွှတ်မည့် အာတီမစ် အစီအစဉ်ကို အကောင်အထည်ဖော်နေပြီး ဂျပန်နိုင်ငံက ထိုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် အမေရိကန်နိုင်ငံသား မဟုတ်သူတစ်ဦးကို လပေါ်သို့ စေလွှတ် သွားမည်ဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံသည် ၂ဝ၂၄ ခုနှစ်တွင် အင်္ဂါဂြိုဟ်ကို လေ့လာရေးအတွက် လေ့လာရေး ယာဉ်တစ်စင်းကို စေလွှတ်မည်ဖြစ်ကာ အာကာသအတွင်း နေရောင်ခြည်စွမ်းအင်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်အရသိရသည်။

ဂျပန်ဘီလျံနာတစ်ဦးက နိုင်ငံတကာ အာကာသစခန်း၌ ၁၂ ရက်ကြာနေထိုင်ကာ ကမ္ဘာမြေပြင်သို့   အောင်မြင်စွာပြန်လာ နိုင်ပြီးနောက် သီတင်းပတ် တစ်ပတ်အကြာတွင် ဂျပန်အစိုးရ၏ အာကာသ အစီအစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။