ထိုင်းက အိုမီခရွန်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်နိုင်ဖွယ်ရှိမှုအပေါ် သတိပေး

ထိုင်းက အိုမီခရွန်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်နိုင်ဖွယ်ရှိမှုအပေါ် သတိပေး

ထိုင်းနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး လျင်မြန်စွာပျံ့နှံ့ပြီး လူအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စဉ်ပြီးနောက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်နိုင်မှု အတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဒီဇင်ဘာ ၂၉ ရက်တွင် သတိပေးသည်။

နိုင်ငံအရှေ့မြောက်ပိုင်း ကာလာဆင် ပြည်နယ်၌ ခရစ္စမတ်အကြိုနေ့တွင် ဖြစ်ပွားသော   လူအစုလိုက်အပြုံလိုက်ရောဂါပိုး ကူးစက်မှုသည် ဘယ်ဂျီယံနိုင်ငံမှ ပြန်လာပြီးနောက် ဘားများ၊ ဖျော်ဖြေပွဲများနှင့် ဈေးများသို့ အလည်အပတ်သွားခဲ့သော စုံတွဲတစ်တွဲနှင့် ဆက်နွှယ်နေကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အဆိုပါ   လူအစုလိုက် အပြုံလိုက် ကူးစက်မှုသည် လူရာပေါင်းများစွာကို ထပ်မံကူးစက်စေသည့်အပြင် အခြားပြည်နယ် ၁၁ ခု သို့ပျံ့နှံ့သွားကြောင်း ကျန်မာရေး ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ အိုပတ်ကန်ကာဝင်ပုန်ကပြောသည်။

ထို့ပြင် ယင်းကူးစက်မှုနှင့် ဆက်နွှယ်သော ဘားတစ်ခုသည် လူပြည့်ကျပ်နေပြီး ကောင်းမွန်သော လေဝင်လေထွက်မရှိကြောင်း ၎င်းကပြောသည်။

နိုင်ငံ၌ လက်ရှိအချိန်အထိ ပြည်ပမှ ရောက်ရှိသူများနှင့် ထိတွေ့သူ ၂၅၁ ဦးအပါအဝင် အိုမီခရွန်ကူးစက်ခံရသူ ၇၄ဝ ရှိကြောင်း အိုပတ်ကန်ကာဝင်ပုန် ကဆိုသည်။

သြဂုတ်လတွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်သည် ၂ဝဝဝဝ အထက်ထိမြင့်တက်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင်  ၂၅ဝဝ အထိ ကျဆင်းလာသည်။

သို့သော်  နိုင်ငံ၌ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့်  စည်းမျဉ်းများအပြင် ကာကွယ်ဆေးထိုးနှုန်းနှင့် ရောဂါစစ်ဆေးမှု ကဲ့သို့ ကန့်သတ်ချက်များကို  လျင်မြန်စွာမစတင်ပါက လာမည့်နှစ် မတ်လတွင် နေ့စဉ် ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ အရေအတွက်သည် ၃ဝဝဝဝ အထိနှင့် သေဆုံးသူ ၁၆ဝ ကျော်အထိရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

အကယ်၍   ကန့်သတ်ချက်များကို တင်းကျပ်ပါက နေ့စဉ်ကူးစက်ခံရသူ အရေအတွက်သည် လာမည့်ဖေဖော်ဝါရီလတွင် ၁၄ဝဝဝ အထိမြင့်တက်နိုင်ပြီး သေဆုံးသူ၆ဝ နီးပါးရှိနိုင်ကြောင်း  ခန့်မှန်းချက်အရ သိရသည်။