ရုပ်ရှင်လောကသားများ အတွက် အခြေခံ စားသောက်ကုန်များ ပေးအပ်လှူဒါန်း

ရုပ်ရှင်လောကသားများ အတွက် အခြေခံ စားသောက်ကုန်များ ပေးအပ်လှူဒါန်း

ရန်ကုန်   ဒီဇင်ဘာ  ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက် ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးအောင် သန်းဦးနှင့်  မိသားစုတို့က  လှူဒါန်းသော ဆန်၊ ဆီ၊ ဆား၊ ပဲတို့အား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ အလွှာ(၁ဝ)များဖြစ်သော အုပ်ချုပ်/ဖြန့်ချိအလွှာ၊ ဗီဒီယိုအခြေခံအလွှာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာ၊ အဓိကသရုပ် ဆောင်အလွှာ၊ တည်းဖြတ်အလွှာ၊ ပြဇာတ် နှင့် နောက်ခံတေးဂီတအလွှာ၊ ဒါရိုက်တာ အလွှာ၊ ထုတ်လုပ်သူများအလွှာ၊ ဇာတ်ပို့/ ဇာတ်ရံအလွှာနှင့် စက်မှုအလွှာတို့မှ အစည်းအရုံးဝင်များကို ဆန်၊ ဆီ၊ ဆားနှင့် ပဲများ ဝေငှပေးမှုကို   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌  ယနေ့နံနက်ပိုင်းတွင်  ပြုလုပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင် အနုပညာရှင်/အတတ်ပညာ ရှင်များအား တစ်ဦးလျှင် ဆန် ၁၂ ပြည် တစ်အိတ်၊ ဆီတစ်လီတာ တစ်ဘူး၊ ပဲ တစ်ပိဿာ၊ ဆားတစ်ပိဿာတို့အား ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်လုပ်/ဖြန့်ချိအလွှာ နှင့်ဗီဒီယိုအခြေခံ အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဇာတ်လမ်း/ဇာတ်ညွှန်း အလွှာနှင့်အဓိက သရုပ်ဆောင်အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် တည်း ဖြတ်အလွှာနှင့် ပြဇာတ်နှင့် နောက်ခံတေးဂီတ အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ဒါရိုက်တာအလွှာနှင့် ထုတ်လုပ်သူ အလွှာတို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၉ ရက်နှင့် ဒီဇင်ဘာ ၃ဝ ရက်တို့တွင် ဇာတ်ပို့ဇာတ်ရံအလွှာနှင့် ဒီဇင်ဘာ ၃၁ ရက်တွင် စက်မှုအလွှာတို့ကို လည်းကောင်း သီးခြားရက်များ သတ်မှတ်ထားပြီး ဝေငှပေးလျက်ရှိ ကြောင်း၊ အလွှာ(၁ဝ)အနက်မှ စက်မှုအလွှာသည် အစည်းအရုံးဝင် အများဆုံးဖြစ်သည့် အတွက် ဒီဇင်ဘာလ ၃၁ ရက်တွင် မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် ဝေငှပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်များ အတွက်  စားဝတ်နေရေး အဆင်ပြေစေရန်  ရည်ရွယ်၍ လှူဒါန်းမှုမှာ စားသုံးဆီတစ်လီတာ ၁၆၉ဝ ဘူး၊ ပဲပိဿာချိန် ၁၆၉ဝ၊ ဆန် ၁၂ ပြည်ဆံ့ ၁၆၉ဝ အိတ်နှင့် ဆား ၁၆၉ဝ ပိဿာ တို့ကို  ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။