လူသားချင်းစာနာထောက်ထားမှုဆိုတာ အမေရိကန်မှာမရှိပါ

လူသားချင်းစာနာထောက်ထားမှုဆိုတာ အမေရိကန်မှာမရှိပါ

လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ခေါင်းစဉ်နဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်ပြီး တစ်ခါတစ်ရံ ခြယ်လှယ်လေ့ရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံကတော့ အမေရိကန်နိုင်ငံပါပဲ။

လူသားချင်းစာနာထောက်ထားမှုဆိုတာ အင်မတန်မှ ကောင်းမွန်မြင့်မြတ်ပါတယ်။ ပြောရမယ်ဆိုရင် ဒုက္ခရောက်နေသူကို အဆင်ပြေသူက ကူညီစောင့်ရှောက်ပေးခြင်းမျိုးပါပဲ။ အမေရိကန်အနေနဲ့ ဒီလိုမျိုးလူသားချင်း စာနာထောက်ထားမှုဆိုတဲ့ အကြောင်း ကို တတွင်တွင်ပြောနေလေတော့ သူတို့ဟာ တကယ့်ကိုပဲ လူသားချင်းစာနာထောက်ထားတယ်လို့ နိုင်ငံအများအပြား၊ လူအများ အပြားကမှတ်ယူကြပါလိမ့်မယ်။

နောက်တစ်ချက်က   ကတိသစ္စာကိုအဖောက်ဖျက်ဆုံးကလည်း အမေရိကန်နိုင်ငံပဲဖြစ်ပါလိမ့်မယ်။   သူတို့အနေနဲ့ ဘယ်အခြေအနေ အတွက် ဘယ်လိုလုပ်ပေးမယ်ဆိုပြီး အာမခံချက်ကတိတွေ ဘယ်လောက်ပင် အကြိမ်ကြိမ်ပေးနေစေကာမူ သူတို့ပေးထားတဲ့ ကတိကို အချိန်မရွေးဖျက်ဖို့ ဝန်လေးသူတွေမဟုတ်ပါဘူး။ကျွန်တော့်အနေနဲ့ ဘာကြောင့်အခုလိုပြောနေရလဲဆိုတာ အကြောင်းရင်း ရှိပါတယ်။ ဒီအကြောင်းရင်းကိုမပြောခင်မှာ စာဖတ်သူတွေအနေနဲ့ အမေရိကန်ဆိုတာနဲ့ မျက်စိစုံမှိတ်ပစ်မယုံလိုက်ဖို့ ကြိုတင် သတိပေးထားချင်ပါတယ်။

ဒီနှစ်သြဂုတ်လတုန်းက  အမေရိကန်နဲ့မဟာမိတ်တပ်ဖွဲ့တွေ   အာဖဂန်နစ္စတန်နိုင်ငံကနေထွက်ခွာပြီး နှစ် ၂၀ ကျော်ကြာ ပြည်ပစစ်ကို  အရှုံးနဲ့အဆုံးသတ်ခဲ့တယ်ဆိုတာ အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

သူတို့ထွက်ခွာချိန်မှာ တစ်ချိန်က သူတို့အတွက်အလုပ်လုပ်ပေးခဲ့ဖူးတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို ကတိပေးထား တာရှိပါ တယ်။အဲဒါကတော့ သူတို့အတွက်တစ်ထောင့်တစ်နေရာကနေ အလုပ်လုပ်ပေးဖူးတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေကို အမေရိကန် နိုင်ငံသားဖြစ်ခွင့်ပေးမယ် ဒါမှမဟုတ်အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးမယ်ဆိုတာပါပဲ။

အမေရိကန်ဟာ အာဖဂန်နစ္စတန်ကနေထွက်ခွာပြီး လပိုင်းလောက်အတွင်းမှာတော့ သူတို့ကတိကိုတည်ခဲ့ကြပါသေးတယ်။ တချို့ကို သူတို့နိုင်ငံဆီခေါ်သွားပြီး နိုင်ငံသားဖြစ်ခွင့်ပြုတာတွေ၊   ခိုလှုံခွင့်ပေးတာတွေရှိပါတယ်။ဒါပေမဲ့   ကျွန်တော်အပေါ်မှာပြောခဲ့သလိုမျိုးပဲ အမေရိကန်ဆိုတာ သူတို့အတွက်မလိုအပ်တော့ရင် ပေးထားတဲ့ကတိကို ဖျက်ဖို့ဝန်မလေးခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး   တကယ့်အဖြစ်အပျက်တစ်ခုကို တင်ပြရမယ်ဆိုရင် ဟာဆီနာနီယာဇီဆိုတာ အမေရိကန်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ရထားသူ အာဖဂန်နစ္စတန် အမျိုးသမီးတစ်ဦးပါ။ သူက အာဖဂန်နစ္စတန်ရှိ သူနဲ့စေ့စပ်ထားသူကို အမေရိကန် နိုင်ငံဆီ ခေါ်လိုပါတယ်။ အဲဒီအတွက် သူတို့ကလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပြုစုပြီး တာဝန်ရှိသူတွေထံတင်ပြခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုကိစ္စနဲ့ ပတ်သက်ရင်လည်း   အမျိုးသားအနေနဲ့   ကဘူးမြို့အနီးရှိ  ဆေးရုံတစ်ခုမှာ အမျိုးသမီး ကျန်းမာရေး ကိစ္စနဲ့ပတ်သက်ပြီး အလုပ်လုပ်တာကြောင့် တာလီဘန်တို့ရဲ့ခြိမ်းခြောက်ခြင်းခံနေရကြောင်း သက်သေအထောက် အထားတွေကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေထံတင်ပြခဲ့ပါတယ်။

အဲဒီလိုတင်ပြပြီးချိန်မှာတော့ သူတို့ရဲ့လျှောက်လွှာကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ခွင့်ပြုပေးလိမ့်မယ်  လို့လည်း မျှော်လင့်ကာပျော်နေခဲ့ကြတာပါ။ဒါပေမဲ့   သူတို့ရဲ့တောင်းဆိုချက်ဟာ အခုလအတွင်းမှာ အမေရိကန်တာဝန်ရှိသူတွေရဲ့ ငြင်းပယ်မှုကို ခံလိုက်ရပါတယ်။ ဟာဆီနာနီယာဇီတို့စုံတွဲလည်း ခဲလေသမျှသဲရေကျရပါတော့တယ်။

သူတို့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဗဟိုလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက လူသားချင်းစာနာထောက်ထားမှုအတွက် အမေရိကန် နိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ရရှိရေးတောင်းဆိုထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ရာပေါင်းများစွာရဲ့ လျှောက်လွှာ တွေကိုလည်း ငြင်းပယ်ခဲ့တာပါ။ ဒီလိုလုပ်ခြင်းအားဖြင့်  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ သူ့ရဲ့တပ်ဖွဲ့တွေထွက်ခွာ တုန်းမှာပေးခဲ့တဲ့ အာဖဂန်ပြည်သူတွေကိုကူညီမယ်ဆိုတဲ့ကတိကို ဖောက်ဖျက်တာဖြစ်ကြောင်းနဲ့ ဂုဏ်သိက္ခာမရှိတဲ့ အလုပ်ကိုလုပ်တာဖြစ်ကြောင်း  ရွှေ့ပြောင်းအခြေချနေထိုင်သူများဘက်မှ ရှေ့နေများကပြောပါတယ်။

အာဖဂန်နစ္စတန်ကနေ  အမေရိကန်နဲ့ အပေါင်းအပါတပ်ဖွဲ့တွေထွက်ခွာပြီးချိန်မှစလို့  အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဌာနအနေနဲ့  လူသားချင်း စာနာထောက်ထားပြီး ပြည်ဝင်ခွင့်ပေးရေးတောင်းဆိုတဲ့လျှောက်လွှာပေါင်း ၃၅၀၀၀ ကျော်ကို လက်ခံရရှိပါ တယ်။ အဲဒီထဲကမှ လျှောက်လွှာ ၄၇၀ ကိုငြင်းပယ်ပြီး ၁၄၀ ကိုသာအခြေအနေအရ နိုင်ငံသားဖြစ်ခွင့်ပေးထားပါတယ်။ ကျန်နေတဲ့သူတွေ ကိုတော့  စိစစ်နေဆဲဖြစ်ကာ ဘယ်လောက်အထိငြင်းပယ်ခံရဦးမလဲဆိုတာ မသိနိုင်သေးပါဘူး။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ လူသားချင်းစာနာထောက်ထားပါတယ်လို့ ဘယ်လောက်ပင်ပြောပြော တကယ်တမ်းလက်တွေ့မှာ  စစ်မှန်တဲ့လူသားချင်း စာနာထောက်ထားမှုကို မပေးနိုင်တာတွေ့ရပါလိမ့်မယ်။ နောက်တစ်ချက်က ဘယ်လို ကတိတွေပဲပေးပေး နောက်ဆုံးမှာသူတို့ဖြစ်ချင်တာဖြစ်ရဖို့အတွက် ပေးထားတဲ့ကတိတွေကို ဖျက်ပစ်ဖို့  ဝန်မလေးဘူး ဆိုတာတွေ့ရပါတယ်။

တကယ်တော့အမေရိကန်ဆိုတာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားကြီး၊ စစ်လက်နက်အင်အားကြီး၊ နိုင်ငံပမာဏကြီးတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမှန်တကယ်ဒုက္ခရောက်နေပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပါတယ်။ တစ်ချိန်က အမေရိကန်နဲ့ အပေါင်းအပါကိုကူညီခဲ့မှုကြောင့် အခုအချိန်မှာ အသက်အန္တရာယ်ခြိမ်းခြောက် ခံနေရပါတယ် ဆိုရင်တောင်မှ   အမေရိကန်ဟာသူတို့အတွက် အသုံးဝင်မယ့်သူကိုသာ နိုင်ငံသား ဒါမှမဟုတ်  အမြဲတမ်း နေထိုင်ခွင့်ပေးနေတာပါ။

ဒါကြောင့် အရိုးရှင်းဆုံးပြောရမယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုတာ အမေရိကန်မှာမရှိပါ။ ကတိသစ္စာ တည်ကြည်မှု ဆိုတာ အမေရိကန်မှာမရှိပါ။အမေရိကန်မှ  အမေရိကန်ဖြစ်နေကြသူတွေလည်း ရှေ့မှာရှိတဲ့သာဓကတွေကိုကြည့်ပြီး ပညာရှိဆန်ဆန် သူများအမှား ကနေ ကိုယ့်အတွက်သင်ခန်းစာဖော်ထုတ်နိုင်ပါစေ။

နောက်ဆုံးမှာ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကိုသာ ချစ်ခင်နိုင်ပါစေလို့ဆုတောင်းရင်း အမေရိကန်အကြောင်းကို ပိုသိနိုင်စေဖို့ ရေးသား တင်ပြလိုက်ရပါတယ်။

Ref: CNA