မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများထောက်ပံ့

မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများထောက်ပံ့

နေပြည်တော်၊ စက်တင်ဘာ - ၂၀
    
တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းမုန်တိုင်းတိုက်ခတ်ကာ ပင်လယ်ဒီရေလှိုင်းရိုက်ခတ် မှုကြောင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာ အုပ်စု၊ ချောင်းကရှက်ကျေးရွာနှင့် ချောင်းကဖီးကျေးရွာ၊ ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးကားလမ်းမကြီးနှင့် အမှတ်(၁)ရပ်ကွက်၊ ကော့သောင်းမြိ့နယ်၊ ချန်းဖန်း ကျေးရွာ၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ ထားဝယ်မြို့နယ်၊ စမ်းလှမ်းကျေးရွာနှင့် ကျွန်းစု မြို့နယ်၊ ရေကန်တောင်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ပြီး နေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ မြို့ဦး စေတီတော် ရင်ပြင်တော် ကြမ်းခင်း ပေ ၁၀၀ ခန့် ကျွံကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ နေအိမ်များပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ စက်တင်ဘာ ၁၈ နှင့် ၁၉ ရက်တို့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်နယ်များမှ တပ်မတော်သားများက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ အပျက်အစီးများဖယ်ရှား ရှင်းလင်းခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်းစသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကာ ဆန်၊ ကြက်ဥ၊ ရေသန့်ဘူးများနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေး လျက်ရှိ သည်။
    
လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သဖြင့် အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများသည် ရေဘေးကင်းလွတ်ရာ နီးစပ်ရာဆွေမျိုးများထံနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်း သတင်းရရှိသည်။