ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန် စစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေသည့် အစ္စရေး

ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ရန် စစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေသည့် အစ္စရေး

    အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်း ဒေသ၌  ထွက်ပေါ်လာနိုင်သည့်  ခြိမ်းခြောက်မှုများကို ကာကွယ်တားဆီးနိုင်ရန် အမေရိကန်ဒေါ်လာ   ၃   ဒသမ  ၁  သန်းတန်ဖိုးရှိ     စစ်လက်နက်ပစ္စည်းများကို ဝယ်ယူရေးအတွက်  သဘောတူညီချက် တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လက်မှတ်ရေးထိုးလိုက်သည်။

အစ္စရေးအစိုးရသည်   ကာကွယ်ရေး ပစ္စည်း ဝယ်ယူရေးအတွက် နာမည်ကြီးသည့် အမေရိကန်လက်နက် ကုမ္ပဏီကြီးတစ်ခုနှင့် သဘောတူညီချက်တစ်ရပ်ကို   လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး     ဝယ်ယူမည့် လက်နက်ပစ္စည်းများတွင်   Lockheed Martin Corp  မှ ထုတ်လုပ်သော CH-53 K အမျိုးအစားရဟတ်ယာဉ် ၁၂ စင်းနှင့် Boeing ထုတ် KC-46 လောင်စာဆီဖြည့် လေယာဉ်နှစ်စင်း ပါဝင်ကြောင်း  အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါ   စစ်လက်နက်ပစ္စည်း ဝယ်ယူဖြည့်တင်းမှုသည်    လေတပ်စွမ်းဆောင်ရည် တိုးမြှင့်ရေးအစီအစဉ်၏   တစ်စိတ်တစ်ဒေသဖြစ်သည်ဟု ဆိုထားသော်လည်းဒေသတွင်း  ပြိုင်ဘက်နိုင်ငံတစ်နိုင်ငံဖြစ်သည့်  အီရန်မှ   ထွက်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများကို ကာကွယ်ရန်ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် အစ္စရေးက လောင်စာဆီဖြည့် လေယာဉ်များကို ဝယ်ယူရခြင်းသည် အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများအပေါ် သွားရောက်ဗုံးကြဲ တိုက်ခိုက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု မီဒီယာများက ဖော်ပြသည်။

အကယ်၍ အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယားစက်ရုံများကို လေကြောင်းမှ တိုက်ခိုက်မည်ဆိုပါက   အဓိကမဟာမိတ် နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့်  ဆက်သွယ်ခြင်းမရှိဘဲ  လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု  အစ္စရေး နိုင်ငံခြားရေးဝန်ကြီး  ယဲလ်လာပစ်က အစောပိုင်းတွင် ပြောကြားခဲ့သည်။

အဘယ်ကြောင့်ဆိုသော်    အစ္စရေးအနေဖြင့် မိမိ၏လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သောကြောင့်   ခြိမ်းခြောက်မှုများအပေါ်  လက်ဦးမှုရယူရာတွင်   မည်သူ တစ်ဦးတစ်ယောက်ထံမှ ခွင့်ပြုချက်ရယူရန် မလိုအပ်ဟု အစ္စရေးအစိုးရက ယူဆနေခြင်းကြောင့် ဖြစ်သည်။

အစ္စရေးအစိုးရ အဆက်ဆက်သည် အီရန်က လုပ်ဆောင်နေသည့်    နျူကလီးယား အစီအစဉ်ကို   ကြီးမားသည့်   လုံခြုံရေးဆိုင်ရာ     ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ အီရန်၏ နျူကလီးယား အစီအစဉ်သည် အရပ်ဘက်သုံးဟု အီရန်အစိုးရက  ယခင်ကတည်းက  လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသော်လည်း အဆိုပါအစီအစဉ်သည်  နျူကလီးယား လက်နက်များ    ထုတ်လုပ်နိုင်ရေးအတွက်   ဖော်ဆောင်နေသည့်    လျှို့ဝှက်ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု အစ္စရေးက ယူဆနေသည်။

အကြောင်းမှာ ပြိုင်ဘက်အဖြစ် ရပ်တည်နေသည့် အီရန်ကို မည်သည့်နည်းနှင့်မျှ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပြုဟု အစ္စရေးကဆုံးဖြတ်ထားသည်။  အီရန်၏လက်ရှိ  ဒုံးကျည်နည်းပညာသည်  ဒေသတွင်းနိုင်ငံများထက် သာလွန်နေပြီး အကယ်၍  အီရန်သာ  နျူကလီးယား လက်နက်ပိုင်ဆိုင်ခဲ့မည်ဆိုပါက    အစ္စရေးနိုင်ငံ၏ရပ်တည်မှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာနိုင်သည်ဟု  အစ္စရေး မူဝါဒချမှတ်သူများက ထောက်ပြထားကြသည်။

အထူးသဖြင့်  အီရန်သည်  အစ္စရေးအား တိုက်ခိုက်နေသည့် စစ်သွေးကြွများနှင့် ဆက်ဆံရေး ကောင်းမွန်နေသည့်အပြင် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပြောက်ကျား တပ်ဖွဲ့နှင့် ပါလက်စတိုင်းရှိ ဟားမက်စ်တို့ကိုလည်း ဒုံးကျည်များ ထောက်ပံ့နေသည်ဟုအစ္စရေးက ယုံကြည်ထားသည်။

ထို့ကြောင့် အဆိုပါ စစ်သွေးကြွများထံ ပို့ဆောင်မည်ဟု ယူဆရသည့် ဆီးရီးယားရှိ   ဒုံးကျည်စက်ရုံနှင့်  သိုလှောင်ရုံများကို  အစ္စရေးက   မကြာခဏဆိုသလို လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုသို့သော အကြောင်းရင်းများကြောင့် အစ္စရေးနိုင်ငံသည်     အမေရိကန်ထံမှ လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနေခြင်းမှာ အီရန်၏  ခြိမ်းခြောက်မှုကိုကာကွယ်နိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သောကြောင့်   အီရန်-အစ္စရေး တင်းမာမှုသည် ယခုနှစ်အတွင်း အတိုင်းအတာ တစ်ခုအထိ မြင့်တက်လာနိုင်သည်။