သီရိလင်္ကာ၌ စားသောက်ကုန် ဈေးနှုန်းများ စံချိန်တင်မြင့်တက်

သီရိလင်္ကာ၌ စားသောက်ကုန် ဈေးနှုန်းများ စံချိန်တင်မြင့်တက်

သီရိလင်္ကာနိုင်ငံ၌ လိုအပ်သည့် အစားအစာပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အပြင်းအထန် ကြိုးပမ်းနေစဉ် ဒီဇင်ဘာလတွင် စားသောက်ကုန် ဈေးနှုန်းများသည် ၂၂ ဒသမ ၁ ရာခိုင်နှုန်းဖြင့်  စံချိန်တင်မြင့်တက်လာကြောင်း ဇန်နဝါရီ ၁ ရက်ထုတ် စာရင်းဇယားများအရ သိရသည်။

ယင်းနိုင်ငံ၌ ကိုလံဘိုစားသုံးသူ ဈေးနှုန်းအညွှန်းကိန်းကို စတင်သတ်မှတ်သည့် ၂ဝ၁၃ ခုနှစ်မှစ၍ စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုသည် နှစ်စဉ်မြင့်တက်လျက်ရှိရာ ဒီဇင်ဘာလမြင့်တက်မှုသည်  အမြင့်ဆုံးဖြစ်ကြောင်း     သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလတွင် မြင့်တက်လာသည့် စားသောက်ကုန်ဈေးနှုန်းသည်   ယခင်စံချိန်တင်သည့် နိုဝင်ဘာလ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုဖြစ်သော ၁၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက    များစွာမြင့်တက်လာသည်ကို တွေ့ရသည်။

ထို့ပြင် ဒီဇင်ဘာလတွင်    အလုံးစုံ ကုန်ဈေးနှုန်းမြင့်တက်မှုသည် ၁၂ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် စံချိန်တင်ကာ ယင်းဖြစ်စဉ်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်လာသည်။

အစိုးရက ပြီးခဲ့သည့်လတွင် လောင်စာဆီ ဈေးနှုန်းများကို   တိုးမြှင့်လိုက်ပြီးနောက် နို့မှုန့်ဈေးနှုန်းကို ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပြီး   နောက်တစ်ရက်တွင် နောက်ဆုံးကုန်ဈေးနှုန်း မြင့်တက်မှုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကုန်တိုက်ကြီးများအနေဖြင့်    နို့မှုန့်၊ သကြား၊ ပဲနီကလေးနှင့် အခြားမရှိမဖြစ် လိုအပ်သည့်ကုန်ပစ္စည်းများကို လပေါင်းများစွာကြာ ခွဲတမ်းနှင့် ရောင်းချပေးခဲ့ရကာ ဘဏ်များအနေဖြင့်လည်း သွင်းကုန်များ အတွက်ပေးချေရန် အမေရိကန်ဒေါ်လာငွေပြတ်လပ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။