အမြတ်အစွန်းအတွက် မိုးကုပ်စက်ဝိုင်းကို ကျော်လွန်ဖြန့်ကြက်လာရတဲ့ ဂျပန်လေကြောင်း ကုမ္ပဏီများ

အမြတ်အစွန်းအတွက် မိုးကုပ်စက်ဝိုင်းကို ကျော်လွန်ဖြန့်ကြက်လာရတဲ့ ဂျပန်လေကြောင်း ကုမ္ပဏီများ

ဂျပန်နိုင်ငံရှိလေကြောင်း ကုမ္ပဏီများဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကပ်ဘေးအတွင်း ဆုံးရှုံးမှု ကြီးကြီးမားမားနဲ့ ရင်ဆိုင်လိုက်ရတဲ့ အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိနိုင်စေဖို့ တီထွင်ကြံဆလာရပါပြီ။

အထူးသဖြင့် လေယာဉ်ပျံသန်းမှုကနေ အနားယူသွားပြီဖြစ်တဲ့ သူတို့ရဲ့လေယာဉ် အဟောင်းတွေကနေ  ရနိုင်သမျှသော အမြတ်အစွန်းကို ရနိုင်သမျှသော နည်းလမ်းတွေနဲ့ ရယူနိုင်စေဖို့ စီးပွားရေး နယ်ပယ်ကို ချဲ့ထွင်လာတာပါ။

အခုအခါမှာတော့ ကူးစက်မှုမြန်ဆန်လှတဲ့ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သူတို့အနေနဲ့ စိုးရိမ်မှု တွေပိုမိုမြင့်တက်လာပြီး  အရေးကြီးတဲ့ လမ်းဆုံကိုရောက်ရှိလာပါပြီ။

ဒီလအတွင်းမှာ ဂျပန်အဲလိုင်း အမည်ရှိ လေကြောင်းကုမ္ပဏီကြီးက တရုတ်နိုင်ငံမှာရှိတဲ့  စားသုံးသူတွေကို အဓိက ပစ်မှတ်ထားတဲ့ ဂျပန်ကုမ္ပဏီတွေ အနေနဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေအတွက် ဈေးကွက် ရှာဖွေနိုင်စေဖို့ ကူညီထောက်ပံ့ပေးမယ့် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်မှာဖြစ်ပါတယ်။ ဂျပန်အဲလိုင်းက တရုတ်နိုင်ငံသုံး လူမှုကွန်ရက်ဖြစ်တဲ့  WeChat မှာအထူးပေ့(ချ်)ဖွင့်ပြီး ဂျပန်ကုမ္ပဏီတွေရဲ့ကုန်ပစ္စည်းတွေကို အရောင်းမြှင့်တင်ခြင်း၊ ရောင်းချခြင်းနဲ့ပို့ဆောင်ခြင်းတို့အတွက် ကူညီပေးသွားမှာပါ။ ဒါ့အပြင် သူတို့က ဂျပန်ပြည်တွင်းဖြစ် အထူးထုတ်ကုန်တွေကို စုဆောင်းခြင်းနဲ့ ပို့ဆောင်ပေးခြင်းအတွက်လည်း ဆောင် ရွက်ပေးသွားဦးမှာဖြစ်ပါတယ်။

နောက်ထပ်နာမည်ကျော် လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ အေအန်အေဦးပိုင် ကုမ္ပဏီက ပြီးခဲ့တဲ့ ဆောင်းဦးရာသီမှာ စီးပွားရေး လုပ်ငန်းအသစ်တစ်ခုကို စတင်ခဲ့ပါတယ်။

အဲဒီလုပ်ငန်းကတော့ အနားပေးလိုက်ပြီဖြစ်တဲ့ သူတို့လေယာဉ်ကြီးတွေရဲ့ အတွင်းပိုင်း ပစ္စည်းတွေကို Yahoo Japan ကနေတစ်ဆင့် လေလံတင်ရောင်းချခြင်း ဖြစ်ပါတယ်။

သူတို့လေလံတင် ရောင်းချတဲ့ပစ္စည်းတွေထဲမှာ အပြည်ပြည်ဆိုင်ရာ လေကြောင်း ခရီးစဉ်တွေအတွက် ပထမတန်းမှာ အသုံး ပြုခဲ့တဲ့ထိုင်ခုံတွေ၊  လေယာဉ်ကြီးတွေရဲ့ ပြတင်းပေါက်ပေါင်တွေ အစရှိသဖြင့် ပါဝင်ပါတယ်။

အပေါ်က လေကြောင်း ကုမ္ပဏီနှစ်ခုစလုံးအနေနဲ့  တူညီတဲ့ တခြားစီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါသေးတယ်။ အဲဒီလုပ်ငန်းကတော့ သူတို့လေယာဉ်ပေါ်မှာကျွေးမွေးတဲ့ အစားအသောက်တွေကို မြေပြင်မှာ ရောင်းချပေးခြင်းပါ။

အရင်တုန်းကဆိုရင် သူတို့ကအသင့် စားခေါက်ဆွဲလိုမျိုး  အလွယ်တကူပြုပြင် စားသောက်လို့ရတဲ့ အစားအစာတွေကိုသာ ရောင်းချခဲ့ရာမှ အခုဆိုရင် လေယာဉ်ပေါ်မှာကျွေးတဲ့ အေးခဲ အစားအစာတွေကိုပါ ရောင်းချလာပါပြီ။ အဲဒီအစားအစာ တွေဟာဆိုရင်လည်း   အခုအချိန်မှာ လူကြိုက်အများဆုံး အစားအစာတွေဖြစ်နေပါတယ်။

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လေကြောင်း ကုမ္ပဏီတွေဟာ ကိုဗစ်ကပ်ဘေးကာလမှာ တော်တော်လေး အထိနာပြီး အရှုံးပေါ်ထားတဲ့အတွက် အခု ကာလအတွင်းမှာ ဝန်ထမ်းတွေကို တခြားကုမ္ပဏီတွေဆီ အငှားချထားတာမျိုးနဲ့ အပိုဆုကြေးပေးခြင်းကို ဖြတ်ချထားတာမျိုးတွေကိုလည်း လုပ်နေရပါတယ်။

ဒါ့အပြင်  သူတို့ရဲ့လေယာဉ်တွေကို တခြားနည်းနဲ့ပြန်လည် အသုံးပြုပြီး ဝင်ငွေရရှိနိုင်စေဖို့ လုပ်ဆောင်နေရပါသေးတယ်။ အဲဒီထဲကမှတစ်ခုက လေယာဉ်ကို မင်္ဂလာဆောင်ခန်းမအဖြစ် ငှားရမ်းခြင်းဖြစ်ပါတယ်။

အေအန်အေက မကြာခင် အနားယူတော့မယ့် သူတို့ရဲ့ ဘိုးအင်း-၇၇၇ လေယာဉ်ကြီးကို အသုံးပြုပြီး ဒီလိုဝန်ဆောင်မှုကို ပေးနေတာ ပါ။ ဒီလိုဝန်ဆောင်မှုကို ပေးထားတဲ့အတွက် မင်္ဂလာမောင်နှံအနေနဲ့ လေယာဉ်ပေါ်မှာ ဧည့်ခံပွဲကျင်းပနိုင်ပြီး  လေယာဉ်မယ် တစ်ဦးကလည်း သူတို့အတွက် ဂုဏ်ပြုစကားကို   တကယ့်လေယာဉ်ပျံ တက်တော့မလိုပုံစံနဲ့ ကြေညာပေးနိုင်သေးတာကြောင့် လူကြိုက်များတဲ့ လုပ်ငန်းတစ်ခုဖြစ်နေပါတယ်။

ဂျပန်အဲလိုင်းကပေးတဲ့  နောက်ထပ် ဝန်ဆောင်မှုကလည်း လူအများစု စိတ်ဝင်စားပြီး  လူကြိုက်လည်းများနေပါတယ်။ အဲဒီဝန်ဆောင်မှုကတော့ သုံးနာရီခွဲကြာ လေ့လာရေးခရီးထွက်ခြင်းဖြစ်ပါတယ်။

ထွက်ခွာရာနေရာနဲ့  ပြန်လည်ဆင်းသက်ရာ နေရာက  နာရီတာလေဆိပ်ပါ။ အဲဒီလေ့လာရေး ခရီးစဉ်အတွင်း လိုက်ပါလာတဲ့ ခရီးသည်တွေအနေနဲ့ ကျွမ်းကျင် တယောဆရာရဲ့ဂီတလက်သံကို ကိုယ်တိုင်ကိုယ်ကျ  ကြည့်ရှုခံစား နားဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။

အခုဆိုရင် ဒီလိုလေ့လာရေး ခရီးကို လိုက်ချင်လွန်းလို့ ကြိုတင်စာရင်း ပေးသွားကြတဲ့    ဂီတချစ်သူ အရေအတွက်ဟာ ဝန်ဆောင်မှုပေးနိုင်တဲ့ ထိုင်ခုံအရေအတွက်ထက်ကို နှစ်ဆပိုများနေပါတယ်။

အရင်တုန်းကဆိုရင် လေကြောင်းကုမ္ပဏီတွေဟာ လေယာဉ်ပြေးဆွဲ ပျံသန်းခြင်းအမှုကိုသာ အဓိက လုပ်ငန်းအနေနဲ့ လုပ်ကိုင်ကြတာပါ။

ဒါပေမဲ့ ကံကြမ္မာ အလှည့်အပြောင်းမှာ စည်းချက်နဲ့အညီ လိုက်ကနိုင်မှ ရှင်သန်နိုင်မယ့် ဒီကာလကြီးအတွင်း အလုပ်မဖြစ်ဘူးဆိုပြီး ငြိမ်ငြိမ်ထိုင်မနေဘဲ  သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကို  ဘယ်လိုအသုံးပြုပြီး ဝင်ငွေရှာဖွေမလဲ ဆိုတာကို တွေးခေါ်နိုင်ခြင်းဟာ တကယ့်ကို လေးစားရလောက်ပါတယ်။

အခုလို လေကြောင်းခရီးစဉ်တွေ မပြေးဆွဲရတဲ့အချိန်မှာ လူကြိုက်များတဲ့ တခြားအစီအစဉ်တွေကို ဖော်ဆောင်နေခြင်းအားဖြင့် ကိုယ့်ကိုအားပေးနေတဲ့ ဖောက်သည်တွေနဲ့ အဆက်မပြတ်သွားစေဘဲ လေကြောင်းခရီးတွေ ပြန်ပြေးဆွဲနိုင်တဲ့ အချိန်ကျရင် အရင်ကထက်ကို ဖောက်သည် ပိုများလာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲဖြစ်ကြောင်းပါ။