ကိုဗစ်ကပ်ဘေးဖြစ်ပေမယ့် စူးအက်တူးမြောင်းမှ သင်္ဘောများ ဖြတ်သန်းမှုစံချိန်တင်

ကိုဗစ်ကပ်ဘေးဖြစ်ပေမယ့် စူးအက်တူးမြောင်းမှ သင်္ဘောများ ဖြတ်သန်းမှုစံချိန်တင်

ကမ္ဘာမှာ ကိုဗစ်ကပ်ဘေးကြုံရချိန် စီးပွားရေး လုပ်ငန်းအများစု ရပ်တန့်သွားပေမယ့် စံချိန်တင် ဝင်ငွေတွေရရှိတဲ့ လုပ်ငန်းတစ်ခု ရှိပါတယ်။

အဲဒါကတော့ စူးအက်တူးမြောင်းကနေ ကုန်တင်သင်္ဘောတွေကို အခကြေးငွေယူပြီး ဖြတ်သန်း သွားလာခွင့်ပေးတဲ့  ဝန်ဆောင်မှု လုပ်ငန်းပါပဲ။

ဟုတ်ပါတယ်။ ကိုဗစ်ကပ်ဘေးကိုကြုံ နေရတဲ့အပြင် အဲဗားဂစ်ဗင်း အမည်ရှိ အကြီး စားကုန်တင်သင်္ဘောက စူးအက်တူးမြောင်းမှာ ခြောက်ရက်ကြာပိတ်ဆို့မှုဖြစ်ပွားသည့် တိုင် ၂ဝ၂၁ ခုနှစ်အတွင်း အဲဒီတူးမြောင်း ကနေရရှိတဲ့အမြတ်ငွေက   တကယ့်ကို စံချိန်တင်တယ်လို့ အီဂျစ်နိုင်ငံရဲ့ စူးအက် တူးမြောင်း အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ပင်လယ်နီနဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ထားတဲ့ စူးအက်တူးမြောင်းဟာ ကမ္ဘာ့ ရေကြောင်းကုန်သွယ်မှု စုစုပေါင်းရဲ့ ၁ဝ ရာခိုင်နှုန်းကို လက်ခံဖြတ်သန်းခွင့် ပေးနေတဲ့နေရာ ဖြစ်ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံအတွက် နိုင်ငံခြား ဝင်ငွေကို အဓိက ရှာဖွေပေးနေတဲ့ နေရာကလည်း အသံတိတ် စီးပွားရေးသမားလို့ ခေါ်ဆို ရလောက်တဲ့ စူးအက်တူးမြောင်းပါပဲ။

၂ဝ၂၁ ခုနှစ်အတွင်း ကုန်ပစ္စည်းတန်ချိန် ပေါင်း ၁ ဒသမ ၂၇ ဘီလီယံကို စူးအက်တူး မြောင်းကနေ ဖြတ်သန်းခွင့်ပေးတဲ့အတွက် အီဂျစ်အစိုးရဟာသ င်္ဘောဖြတ်သန်းခ အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကို ရရှိပါတယ်။

ဒီပမာဏဟာ ၂ဝ၂ဝ ပြည့်နှစ်မှာရရှိတဲ့ သင်္ဘောဖြတ်သန်းခ စုစုပေါင်းထက် ၁၃ ရာခိုင်နှုန်း ပိုမိုများပြားပြီး သမိုင်းတစ်လျှောက်လုံး စူးအက်တူးမြောင်းကနေ စံချိန်တင်ဝင်ငွေ ရရှိမှုဖြစ်တယ်လို့ စူးအက်တူးမြောင်းအာဏာ ပိုင်အဖွဲ့မှူး အိုစမာရာဘီးက ပြောပါတယ်။

ဒါ့အပြင် ၂ဝ၂ဝ ပြည့်နှစ်အတွင်း အဲဒီတူးမြောင်းကနေဖြတ်သန်းတဲ့ ကုန်တင် သင်္ဘောအရေအတွက်က ၁၈၈၃ဝ သာရှိရာမှ ၂ဝ၂၁ ခုနှစ်မှာတော့ ၂ဝ၆၉၄ စင်းအထိ မြင့်တက်လာပါတယ်။ ဒါဟာ တစ်ရက်ကို ကုန်တင်သင်္ဘောအစင်းရေ ၅၆ စင်းကျော် အထိဖြတ်သန်းတယ်ဆိုတာကို ဖော်ပြနေ တာဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ် မတ်လတုန်းက သဲမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပွားစဉ်အတွင်း အဲဗားဂစ်ဗင်း အမည်ရတဲ့ တန်ချိန် ၁၉၉ဝဝဝ ရှိ ကုန်တင် သင်္ဘောကြီးဟာ  စူးအက်တူးမြောင်းကို ကန့်လန့်ဖြတ်ပိတ်ပြီး ညပ်နေခဲ့ဖူးပါတယ်။

အဲဒီသင်္ဘောကြီးကယ်ဆယ်ရေးအတွက် ၂၄  နာရီပတ်လုံး  ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ရာ အချိန် ခြောက်ရက်အထိကြာမြင့်ကာ ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီကာလအတွင်းမှာ စူးအက်တူးမြောင်းက တစ်ရက်ကိုဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းကနေ ၁၅ သန်းအထိ ဆုံးရှုံးခဲ့တာပါ။

အထက်မှာပြောခဲ့သလိုမျိုးပဲ ကမ္ဘာမှာ ကိုဗစ်ကပ်ဘေးဖြစ်နေပေမယ့် ကုန်သွယ်မှု ကတော့ မပြတ်ခဲ့ပါဘူး။ စူးအက်တူးမြောင်း ရဲ့ တစ်နှစ်အတွင်း  ဝင်ငွေကိုကြည့်ရင် ဒီအချက်ကို ကောင်းစွာတွေ့မြင်နိုင်ပါတယ်။

နောက်တစ်ချက်က တူးမြောင်းများသည် အကုန်အကျများတဲ့ ရေလမ်းခရီးကို တိုစေ နိုင်တာကြောင့်  လူကြိုက်များတဲ့ လမ်းကြောင်းတွေဖြစ်ပြီး ပြည်ပဝင်ငွေကို အဓိက ရှာဖွေပေးရာ နေရာတစ်ခု ဖြစ်လာခြင်းပါပဲ။