အင်္ဂလန်ရှိကျောင်းသားများ အိုမီခရွန် ကာကွယ်ရေးအတွက် နှာခေါင်းစည်း ပြန်တပ်ရမည်

အင်္ဂလန်ရှိကျောင်းသားများ အိုမီခရွန် ကာကွယ်ရေးအတွက် နှာခေါင်းစည်း ပြန်တပ်ရမည်

အင်္ဂလန်နိုင်ငံရှိ အလယ်တန်းကျောင်းသားများအနေဖြင့် လာမည့် သီတင်းပတ်မှစ၍ ကျောင်းပြန်တက်ရမည်ဖြစ်ကာ အိုမီခရွန်ဗီဇပြောင်း   ကိုဗစ်-၁၉  ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ပြန်တပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး နတ်ဟင်းဇာဟာဝီက ဇန်နဝါရီ ၂ ရက်တွင် ပြောသည်။

စာသင်ကျောင်းများတွင် ကျောင်းသားများ အတန်းတက်မှုကို တိုးမြှင့်လိုပြီး အချိန်ကိုလည်း တိုးမြှင့်လိုကြောင်း၊  အိုမီခရွန် ကူးစက်မှု မြင့်တက်နေသည့် ယခုလိုကာလတွင် ထိုသို့သော ရည်မှန်းချက်များ ရရှိရေးအတွက် ဆောင်ရွက်ရမည့် အချက်တစ်ချက်မှာ အလယ်တန်း စာသင်ခန်းများတွင် နှာခေါင်းစည်းများ ပြန်တပ်ရေးဖြစ်ကြောင်း ပညာရေးဝန်ကြီးက သတင်းဌာနတစ်ခုသို့ ပြောခြင်းဖြစ်သည်။

ဗြိတိန်၌ နိုင်ငံနှင့် ဒေသလေးခုရှိသည့် အနက် အင်္ဂလန်နိုင်ငံသည်သာလျှင် ယခင်က စာသင်ခန်းများအတွင်း နှာခေါင်းစည်းများ မဖြစ်မနေတပ်ရန် ညွှန်ကြားခြင်း မရှိသည့်နိုင်ငံဖြစ်သည်။

သို့သော် နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက် စံချိန်တင် မြင့်တက်ကာ အနည်းဆုံး ခုနစ်ရက်ကြာ သီးသန့်ခွဲနေရန်လိုသူ အရေအတွက် များပြားလာချိန်တွင် စာသင်ကျောင်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင်   ဝန်ထမ်းရှားပါးမှုနှင့် ကြုံတွေ့လာရသည်။

ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းခွင်မှ အမှုထမ်းအင်အား ၂၅ ရာခိုင် နှုန်းပျက်ကွက်နိုင်သည့် အဆိုးဆုံးသော အနေအထားအတွက် ကြိုတင်ပြင်ဆင်ထားရန် အစိုးရက တိုက်တွန်းထားသည်။

ထိုသို့သော အခြေအနေမျိုးတွင် အဝေးသင်စနစ်ကို အသုံးပြုသွားမည်ဖြစ်သော်လည်း လက်ရှိတွင် လူချင်းတွေ့ပြီးစာသင်ခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ စာမေးပွဲများကိုလည်း ယခုလအတွင်း  ကြိုတင်သတ်မှတ်ထားသည့် အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောထားသည်ဟု သိရသည်။