မလေးရှားရှိ ပြည်နယ်ခုနစ်ခု၌ မိုးသည်းထန်စွာ ရွာသွန်း၊ လူများစွာ ဘေးကင်းရာ ရွှေ့ပြောင်း

မလေးရှားရှိ ပြည်နယ်ခုနစ်ခု၌ မိုးသည်းထန်စွာ ရွာသွန်း၊ လူများစွာ ဘေးကင်းရာ ရွှေ့ပြောင်း

မလေးရှားနိုင်ငံရှိ  ပြည်နယ်ခုနစ်ခု၌ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ဇန်နဝါရီ ၂ ရက်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီး လူများစွာမှာ ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်း နေထိုင်ရကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ရေကြီးမှု ပိုများလာနိုင်သည့်အတွက် မလေး ရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သည့် ဒေသခံများကို  မိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။

ယခုဖြစ်ပွားသည့်ရေကြီးမှုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်  ဖြစ်ပွားသော ရေကြီးမှုနှင့်နှိုင်းယှဉ်လျှင် မပြောပလောက်သော်လည်း လေတိုက်နှုန်းပြင်းခြင်း၊ လှိုင်း ကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ တစ်ပြိုင်နက်တည်း ဖြစ်လာပါက စိုးရိမ်ဖွယ် အခြေအနေဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် ရေကြီးခြင်း၊ ဒီရေတက်ခြင်းနှင့် ပင်လယ်ကမ်းရိုးတန်း ဒေသများကို ရေလွှမ်းမိုးနိုင်သည်ဟု ဆည်မြောင်းဌာန၏ ဇန်နဝါရီ ၂ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သဘာဝဘေးကျရောက်မှုကြောင့် ဇန်န ဝါရီ ၁ ရက်တွင် ကီလန်တန်ပြည်နယ်၊ တီရန်ဂါနူ၊ ပါဟန်း၊ ဂျိုဟိုး၊ မီလက်ကာ၊ နီဂီရီဆမ်ဘီလန်းနှင့် ဘာဘတ်ပြည်နယ်တို့ ရေလွှမ်းမိုးခံရပြီး လူ ၈၇၂၇ ဦးကို နိုင်ငံ တစ်ဝန်းရှိ ကယ်ဆယ်ရေးစခန်း ၁၂၈ ခုသို့ ရွှေ့ပြောင်း ထားကြောင်း သိရသည်။