အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ ဖြစ်ပွားနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ရန် ပညာရှင်များ တိုက်တွန်း

အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ ဖြစ်ပွားနိုင်မှုအတွက် ကြိုတင်ပြင်ဆင်ရန် ပညာရှင်များ တိုက်တွန်း

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်မြင့်တက်လာစဉ် ဆေးရုံများ၌ လူနာများဖြင့် ဝန်ထုပ်ဝန်ပိုး မပိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ ဖြစ်ပွားနိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းကြောင်း သိရသည်။

ထိုနိုင်ငံ၌ ဇန်နဝါရီ ၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ၅၈ဝ၉၇ ဦးရှိသည်။ ထိုပမာဏသည် ပြီးခဲ့သည့် လေးရက်အတွင်း နေ့စဉ်ရောဂါ ဖြစ်ပွားသူ အရေအတွက်၏ နှစ်ဆဖြစ်လာခြင်းဖြစ်သည်။

သို့သော် နိုင်ငံရေးသမားများ အနေဖြင့် ပြည်နယ်များစွာ၌ အထွေထွေရွေးကောက်ပွဲမတိုင်မီ လူထုစည်းဝေးပွဲများ ကျင်းပနေသည့် အတွက် အဆိုပါရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်မှုအပေါ် အနည်းငယ်သာ စိုးရိမ်ကြောင်း ပြသနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ရောဂါကူးစက်မှုများသည် မြို့ကြီးများ၌ သိသာစွာမြင့်တက်နေပြီး ကူးစက်မြန် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးက နယူးဒေလီမြို့ကဲ့သို့ နေရာများတွင် လွှမ်းမိုးလာကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယ၌  အိုမီခရွန် ကူးစက်ခံရသူ ၂ဝဝဝ နီးပါးရှိပြီး ထပ်မံမြင့်တက်လာမည်ဟု မျှော်မှန်းရသည့်အတွက် ဆေးရုံများ အနေဖြင့် ကြိုတင်ပြင်ဆင်ရန် တာဝန်ရှိသူများက အရေးပေါ် တောင်းဆိုမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ထိပ်တန်းအဖွဲ့အစည်း ဖြစ်သော အိန္ဒိယဆေးသိပ္ပံအဖွဲ့က ဇန်နဝါရီ ၅ ရက်နှင့် ၁ဝ ရက်ကြားတွင် စီစဉ်ထားသည့် ဝန်ထမ်းများအတွက် ဆောင်းရာသီ အားလပ်ရက်ကို ဖျက်သိမ်းခဲ့သည့်အပြင် ဆရာဝန်များနှင့် သူနာပြု အများအပြားမှာလည်း ပြီးခဲ့သည့် ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားထားသည်။

ထို့ပြင် တာဝန်ရှိသူများသည် ဇန်နဝါရီ ၄ ရက်တွင် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး ကန့်သတ်ချက်များကို တင်းကျပ်ပြီး ညမထွက်ရ အမိန့်အပြင် ပြည်သူများ အနေဖြင့် အားလပ်ရက်များတွင် နေအိမ်၌သာနေရန် ညွှန်ကြားထားကြောင်း     သိရသည်။