တောင်ကိုရီးယားက F-35A  တိုက်လေယာဉ်အုပ် တစ်ခုလုံးကို ပျံသန်းမှုရပ်ဆိုင်း

တောင်ကိုရီးယားက F-35A  တိုက်လေယာဉ်အုပ် တစ်ခုလုံးကို ပျံသန်းမှုရပ်ဆိုင်း

တောင်ကိုရီးယားနိုင်ငံ၌ ခေတ်မီ F-35A တိုက်လေယာဉ်တစ်စင်းသည် စက်ချွတ်ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် ထိုလေယာဉ်အုပ် တစ်ခုလုံးကို    ပျံသန်းမှုရပ်ဆိုင်းလိုက်ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင်ထုတ်ပြန်သည်။

ထိုဖြစ်စဉ်သည် နိုင်ငံ အနောက်ပိုင်းရှိ လေတပ်စခန်း တစ်ခု၌ ဇန်နဝါရီ ၄ ရက်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး F-35A တိုက်လေယာဉ်၏ အဓိကစနစ်များ ချွတ်ယွင်းမှုကြောင့် လေယာဉ်ဘီး ပြန်မကျခြင်းဖြစ်သည်။

သို့သော် လေယာဉ်မှူးသည် လေယာဉ်အတွင်းမှ အရေးပေါ်ခုန်ထွက်ရမည့် နည်းလမ်းကို မရွေးချယ်ဘဲ လေယာဉ်ကို ဝမ်းဗိုက်ဖြင့် သက်စွန့်ဆံဖျား ဆင်းသက်ခဲ့ရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေစဉ်အတွင်း အဆိုပါတိုက်လေယာဉ်အုပ် တစ်ခုလုံးကို ပျံသန်းမှုရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

တောင်ကိုရီးယား အစိုးရသည် ၂ဝ၁၄  ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ လော့ဟိမာတင် ကုမ္ပဏီထုတ် F-35A တိုက်လေယာဉ် အစင်း ၄ဝ ကိုမှာယူပြီး ငါးနှစ်အတွင်း ပထမတစ်သုတ်ကို လက်ခံရရှိသည်။

ယခုချွတ်ယွင်းမှုဖြစ်ပွားသည့် F-35A သည် အနိမ့်ပျံသန်းနေစဉ် မြည်သံများကို ကြားရသည့်အတွက် လေယာဉ်မှူးက လေယာဉ်၏ စနစ်များကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့စစ်ဆေးစဉ် လေယာဉ်ထိန်းချုပ်မှုနှင့် အင်ဂျင်မှလွဲ၍ ကျန်စနစ်များ အားလုံးလည်ပတ်မှု ရပ်ဆိုင်းသွားသည်ကို တွေ့ရကြောင်း တောင်ကိုရီးယား လေတပ်ဒုတိယ ဦးစီးချုပ်ကပြောသည်။

အသံထက်မြန်သော F-35 Lightning II အမျိုးအစား အဆိုပါ တိုက်လေယာဉ်များသည် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အမြင့်ဆုံးနှင့်  လျင်မြန်သွက်လက်မှု အရှိဆုံးသော တိုက်လေယာဉ် အမျိုးအစားများတွင် ပါဝင်ပြီး   ကိုယ်ပျောက်နည်းပညာနှင့် ခေတ်မီဆက်သွယ်ရေး စနစ်များလည်း ထည့်သွင်းထားကြောင်း သိရသည်။