ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ သြဂုတ် - ၆

COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်အောင်မြို့နှင့် ဖျာပုံမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နှင့် ဟုမ္မလင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မိုင်းမောတိုက်နယ်ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးသင်ကြားရေး ဆေးရုံ၊ တောင်တွင်းကြီးမြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ရေတာရှည်မြို့နယ်၊ ဆွာတိုက်နယ်ဆေးရုံနှင့် ပဲခူးမြို့ပြည်သူ့ဆေးရုံ တို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။