အာကာသထဲကနေ ကမ္ဘာကိုလျှပ်စစ်စွမ်းအင် ပြန်ပေးမယ့် ရုရှား

အာကာသထဲကနေ ကမ္ဘာကိုလျှပ်စစ်စွမ်းအင် ပြန်ပေးမယ့် ရုရှား

    ကမ္ဘာပေါ်မှာ လူသားတွေ အလိုအပ်ဆုံး အရာတစ်ခုနဲ့ သန့်ရှင်းသော နည်းလမ်းနဲ့ ရယူဖို့ရာ   ရှားပါးတဲ့ အရာတစ်ခုကိုပြပါဆိုရင် လျှစ်စစ်စွမ်းအင်ကို လက်ညှိုးထိုးပြ ရပါလိမ့်မယ်။

ဒီကနေ့ လူသားတွေဟာ   လျှပ်စစ်စွမ်းအင်ကို  မရှိမဖြစ် လိုအပ်လာတယ်ဆိုတာကတော့ ပြောစရာတောင် လိုမယ်မထင် တော့ပါဘူး။

သူ့ကိုထုတ်ယူဖို့ကျတော့ နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်ယူရရှိနိုင်ပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်  မညစ်ညမ်းစေဖို့၊ ဂေဟစနစ် မပျက်စီးစေဖို့၊  လူသားတွေ အသက်ရှည်စေဖို့   စတဲ့ အကျိုးကျေးဇူးတွေကို သယ်ဆောင်လာမယ့် သန့်ရှင်းတဲ့ နည်းလမ်းက အနည်းအကျဉ်းမျှသာ ရှိပါတယ်။

ယနေ့ခေတ် လျှပ်စစ်ဓာတ်အားကို အများဆုံး ထုတ်လုပ်ပေးနေတဲ့ နေရာက ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဖြစ်ပါတယ်။

သူတို့တွေက   လူသားတွေလိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကိုတော့ ထုတ်လုပ်ပေးပါရဲ့။ တစ်ပြိုင်နက်တည်းမှာပဲ လူသားတွေကို အဆိပ်သင့်စေတဲ့ ကာဗွန်ဓာတ်ငွေ့တွေကိုလည်း ထွက်ရှိစေပါတယ်။

ဒီလိုကာဗွန်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာ့အပူချိန်ကလည်း တစ်နေ့တခြား မြင့်တက်လာတာပါ။

ဒါကြောင့်လူသားတွေဟာ တခြားနည်းနဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူနိုင်ဖို့ စဉ်းစားလာကြပါတယ်။ သူတို့အဓိက ဦးစားပေး စဉ်းစားတာကလည်း သဘာဝ ပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့နည်းလမ်းဖြစ်ပါတယ်။

ဒီနေရာမှာ ပညာရှင်တွေ တွေ့ရှိလိုက်တာက နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ တကယ်လည်း ထိရောက်မှုရှိပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း မညစ်ညမ်းစေပါဘူး။ ဒါ့အပြင် ကမ္ဘာမြေပေါ်ကို နေရောင်ခြည် ကျရောက်နေသရွေ့ လျှပ်စစ်စွမ်းအင် ရရှိနိုင်ဦးမှာပါ။

ဒါပေမဲ့ သူ့မှာ အားနည်းချက်တစ်ခုရှိတာက မိုးရွာနေတဲ့ အချိန်တို့၊ တိမ်ထူထပ်နေတဲ့အချိန်တို့၊ ဆိုလာပြားတွေ အပေါ် အရိပ်တစ်ခုခု ကျရောက်နေတဲ့ အချိန်မျိုးတို့မှာဆိုရင်  နေရောင်ခြည်စွမ်းအင်ကို ကောင်းစွာ မစုပ်ယူနိုင်ခြင်းပါပဲ။

ဒီပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင် အများစုက စဉ်းစားတွေးခေါ်ကြပေမယ့် လက်တွေ့ကျတဲ့ နည်းလမ်း မထွက်လာပါဘူး။

အခုတော့ ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် ရုရှားသိပ္ပံပညာရှင်တွေက နည်းလမ်းတစ်ခုကို ဖော်ထုတ်လိုက်နိုင်ပါပြီ။

သူတို့ဖော်ထုတ်ထားတဲ့နည်းလမ်းကလည်း သိပ်မကြာခင်မှာ အသက်ဝင်လာနိုင်ပါတယ်။

အဲဒီနည်းလမ်းကတော့ အာကာသထဲက နေပြီး နေရောင်ခြည်ကို စုပ်ယူပြီး ကမ္ဘာမြေပေါ် စွမ်းအင်အဖြစ် ပြောင်းလဲပေးပို့မယ့် နည်းလမ်းပဲဖြစ်ပါတယ်။

လက်ရှိ   ကမ္ဘာကလွှတ်တင်ထားတဲ့ အာကာသယာဉ်တွေ၊ အာကာသစခန်းတွေဆိုတာ နေရောင်ခြည်ကိုရယူပြီး စွမ်းအင် အဖြစ်ပြောင်းလဲကာ လည်ပတ်နေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့အကျိုး သက်ရောက်မှုကို ကောင်းစွာ သိရှိပြီးဖြစ်မှာပါ။

ဒါကြောင့် ရုရှားနိုင်ငံပိုင် အာကာသကုမ္ပဏီ Roscosmos ရဲ့  ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ့  Russian Space Systems က အာကာသထဲကနေ နေရောင်ခြည် စွမ်းအင်တွေကို စုပ်ယူပြီး ကမ္ဘာမြေပေါ် ပြန်လည်ပေးပို့သွားမယ့်  အာကာသဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

အဲဒီအာကာသဓာတ်အားပေး စက်ရုံက ကျွန်းများ၊ တောင်တန်းဒေသများနဲ့ ကမ္ဘာ့မြောက်ခြမ်းရှိ ဒေသများကဲ့သို့   လျှပ်စစ် စွမ်းအင်ရရှိဖို့  ခက်ခဲတဲ့ဒေသတွေဆီကို အစိမ်းရောင်စွမ်းအင်ပုံမှန် ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့  ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုထောက်ပံ့ပေးရာမှာ ဘယ်လိုရာသီဥတု အခြေအနေမျိုးမှာမဆို၊  နေ့တစ်နေ့ရဲ့ ဘယ်လိုအချိန်မျိုးမှာမဆို   စွမ်းအင်ကို အကောင်းဆုံး  ထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်တဲ့အပြင် တခြားအာကာသယာဉ်တွေ အနေနဲ့လိုအပ်တဲ့အချိန်တိုင်းမှာ လိုအပ်တဲ့စွမ်းအင်ကိုလည်း  သူ့ဆီကနေ လွှဲပြောင်းရယူနိုင်ဦးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီစီမံကိန်းမှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ တစ်ပိုင်းက  စတုရန်းမီတာ ၇ဝ ရှိတဲ့ လူမဲ့အာကာသယာဉ်က နေရောင်ခြည် စွမ်းအင်တွေကို ရယူစုဆောင်းပြီး ကမ္ဘာမြေဆီပြန်ပို့ပေးမယ့်အပိုင်းပါ။

နောက်တစ်ပိုင်းကတော့ မြေပြင်အခြေစိုက်စခန်းပါ။ အဲဒီအခြေစိုက်စခန်းမှာ ကောင်းကင်တိုင် အမြောက်အမြားကို တပ်ဆင်ထားမှာဖြစ်ပြီး အဲဒီကောင်းကင်တိုင် တွေက အာကာသယာဉ်ကနေ ပေးပို့လိုက်တဲ့ စွမ်းအင်တွေကို    ကြိုးမဲ့နည်းစနစ်နဲ့ လက်ခံကာ ပြန်လည်ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။

စွမ်းအင်လွှဲပြောင်းပေးမှု အတွက်ကိုတော့ စွမ်းအင်ဆုံးရှုံးမှု အနည်းဆုံးသော လေဆာရောင်ခြည်တန်း တစ်ခုကို   အသုံးပြုသွားမှာပါ။

တစ်ချိန်တည်းမှာပဲ အာကာသထဲမှာ ထားရှိထားတဲ့ ဆိုလာပြားတွေက ကမ္ဘာမြေပေါ်မှာရှိတဲ့ ဆိုလာပြားတွေထက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုကောင်းမွန်စွာ စုဆောင်းနိုင်မှာဖြစ်သလို စွမ်းအင်တွေ လေလွင့်ဆုံးရှုံးမှုလည်း ရှိစေမှာမဟုတ်ပါဘူး။

ဒါ့အပြင် နေရောင်ခြည်စွမ်းအင် စုဆောင်းရေး အာကာသယာဉ်အနေနဲ့ စွမ်းအင်အပိုတွေကို သိုလှောင်သိမ်းဆည်း ထားနိုင်ဦးမှာ ဖြစ်ပါတယ်။

သူ့မှာထိန်းချုပ်စနစ်တစ်ခုလည်း ပါဝင်ပါဦးမယ်။ အဲဒီထိန်းချုပ်စနစ်က လက်ခံရရှိတဲ့ စွမ်းအင်ပမာဏနဲ့  ဖြန့်ဖြူးပေးနေတဲ့ စွမ်းအင်ပမာဏတို့ကို   အချိုးညီအောင် လုပ်ဆောင်တာပါ။

အခုလိုမျိုး ကြိုးမဲ့နည်းပညာကို အသုံးပြုကာ   စွမ်းအင်လွှဲပြောင်း ပေးပို့နိုင်မယ့် နည်းလမ်းကို နိုင်ငံတကာ အာကာသစခန်းရှိ ရုရှားနိုင်ငံပိုင် အခန်းတစ်ခုမှာ    အဓိက ဦးစားပေး သုတေသနပြု လေ့လာနေတာ ဖြစ်ပါတယ်။

ဒီသုတေသနကနေ ဘယ်လိုတွေ့ရှိမှုတွေ ရရှိလာပြီလဲ ဆိုတာကိုတော့ သူတို့က မထုတ်ပြန်ထားပါဘူး။  ဒါပေမဲ့ ဘယ်လို တွေ့ရှိမှုပင်ဖြစ်စေကာမူ ဒါဟာ ရုရှားနိုင်ငံရဲ့ အာကာသအခြေပြု ဓာတ်အားပေးစက်ရုံ အတွက် အလွန်ကို အကျိုးများစေမှာတော့ အသေအချာပါပဲ။

ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ရုရှားနိုင်ငံက လုပ်တဲ့ အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆိုတာကို တခြားပညာရှင်တွေက စဉ်းစားကောင်း စဉ်းစားမိပေမယ့် ရုရှားလိုတော့ လက်တွေ့ အကောင်အထည်ဖော်မှာ မဟုတ်ပါဘူး။

ဒါဆိုရင် ဒီလိုဓာတ်အားပေး စက်ရုံက ကမ္ဘာအတွက် ပထမဆုံးဖြစ်လာနိုင်သလို နည်းပညာအရာမှာ တစ်ခေတ်ဆန်းသစ်မှုကို ထုတ်ဖော်ပြသနိုင်ခြင်းလည်း  ဖြစ်လာမှာ မလွဲဧကန် ဖြစ်ကြောင်းပါ။   ။